ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်၊ ထာလန်း (Thalang) မြို့နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ထိုင်းကျောင်းသူတစ်ဦးအား ထိုးကြိတ်ရိုက်နှက်ခဲ့သည့် အသက် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း ရက်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားရန် ဖူးခက် ခရိုင် ကလေးနှင့် မိသားစု တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
Cherng Talay Wittayakom ကျောင်းတွင် အသက် ၁၂ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးငယ်က ထိုင်းကျောင်းသူတစ်ဦးအား ထိုးကြိတ်ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် နစ်နာသူ ကျောင်းသူ၏ မိဘများက တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၁၀ ရက်နေ့တွင် Cherng Talay ရဲစခန်းမှ စုံစမ်းစစ်ဆေးရေး အရာရှိများသည် ကလေးသူငယ်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှေ့နေ၊ စိတ်ပညာရှင်နှင့် ကလေး၏ လူယုံများရှေ့မှောက်၌ အဆိုပါ မိန်းကလေးငယ်အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် အမှုဖွင့် အကြောင်းကြားခဲ့သည်။
ဩဂုတ် ၁၁ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး အရာရှိများက မိန်းကလေးငယ်အား တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး၊ မိန်းကလေးငယ်၏ ပြုမူပုံသည် အခြားသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်းနှင့် ၎င်း၏ မိဘများ အလုပ်ပြုတ်သွားသည့် အခြေအနေများကို သက်သေပြသခဲ့ရာ တရားရုံးက ဖူးခက် ကလေးသူငယ် စောင့်ရှောက်ရေးနှင့် ကာကွယ်ရေး ဗဟိုဌာနတွင် ရက်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားရန် အမိန့်ပေးခဲ့သည်။
ရက်ပေါင်း ၃၀ အတွင်း စုံစမ်းစစ်ဆေးမှု မပြီးပြတ်သေးပါက စုံစမ်းစစ်ဆေးသူများသည် တစ်ကြိမ်လျှင် ၁၅ ရက်ဖြင့် နောက်ထပ် ၂ ကြိမ်အထိ သက်တမ်းတိုးခွင့် တောင်းခံနိုင်သည်။
ကလေးသူငယ် တရားစီရင်ရေး လုပ်ထုံးလုပ်နည်းအတိုင်း စုံစမ်းစစ်ဆေးမှုများနှင့် တရားရုံး လုပ်ငန်းစဉ်များ အကဲဖြတ်ပြီးစီးပါက အဆိုပါ မိန်းကလေးငယ်၏ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အခြေအနေကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံ လွှဲပြောင်းစိစစ် စေမည်ဖြစ်သည်။
Source;Pattaya Mail
