ဖူးခက်ရှိ လိုင်စင်မဲ့ ဖျော်ဖြေရေးစခန်း ၂ ခုအား ထိုင်းအာဏာပိုင်များ စီးနင်း၊ ၅ နှစ် ပိတ်သိမ်းရန် ပြင်ဆင်

ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်၊ ထာလန်း (Thalang) မြို့နယ်ရှိ လိုင်စင်မဲ့ ဖျော်ဖြေရေးစခန်း ၂ ခုအား ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (DOPA) ၏ အထူးတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်တွင် စီးနင်းဖမ်းဆီးခဲ့ပြီး၊ အဆိုပါ စခန်း ၂ ခုအား ၅ နှစ်ကြာ ပိတ်သိမ်းရန် ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ စီးနင်းမှုကို “Andaman Lockdown” စစ်ဆင်ရေးအမည်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လိုင်စင်မဲ့ ဖွင့်လှစ်ခြင်းအပြင် နိုင်ငံခြားသား နာမည်ငှား (Nominee) ဖြင့် စီးပွားရေးလုပ်ကိုင်မှုနှင့် တရားမဝင် ငွေကြေးခဝါချမှုများ ပါဝင်ပတ်သက်နေသည်ဟု သံသယရှိ၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

အဆိုပါ နေရာ ၂ ခုစလုံးသည် တရားဝင် ဖျော်ဖြေရေးလိုင်စင် မရှိဘဲ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ ၁ ခုမှာ သတ်မှတ်ထားသည့် အချိန်ပြင်ပတွင် အရက်သေစာ ရောင်းချမှုဖြင့်ပါ အရေးယူခံထားရသည်။စခန်းများအတွင်း ရုရှား၊ ယူကရိန်း၊ အီရန်နှင့် မြန်မာနိုင်ငံသားများအား ဝန်ထမ်း၊ မန်နေဂျာ၊ DJ နှင့် အကပညာရှင်များအဖြစ် တရားမဝင် ငှားရမ်းထားသည်ကို တွေ့ရှိခဲ့ရသည်။

ဖူးခက် လဝကနှင့် အလုပ်သမားရေးရာ ရုံးတို့က အဆိုပါ နိုင်ငံခြားသား ဝန်ထမ်းများနှင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်များကို တရားဝင်မှု ရှိ မရှိ စိစစ်လျက် ရှိသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု မူရင်းရင်းမြစ်များနှင့် ဘဏ္ဍာရေး စီးဆင်းမှုများကို စိစစ်ရန် အမျိုးသား ငွေကြေးခဝါချမှု နှိမ်နင်းရေးရုံး (AMLO) သို့ အကူအညီတောင်းခံသွားမည်ဖြစ်သည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ronnarong Thipsiri က အဆိုပါ လုပ်ဆောင်ချက်များသည် NCPO အမိန့်အမှတ် ၂၂/၂၀၁၅ ကို ချိုးဖောက်သဖြင့် ၅ နှစ် ပိတ်သိမ်းရန် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပြည်သူများအနေဖြင့်လည်း သံသယဖြစ်ဖွယ် သတင်းများကို Damrongtham Center ဟော့လိုင်း ၁၅၆၇ သို့ သတင်းပေးပို့နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Source;The Nation