ဖူးခက် မြေယာအငြင်းပွားမှုကြောင့် အိမ်ထောင်စု ၆၆၉ စု ဖယ်ရှားခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်၊ ဆလောင်း (Chalong) မြို့နယ်ရှိ ခုတ်တာနုတ် (Khok Tanod) လူထုအသိုင်းအဝိုင်းမှ ပြည်သူ ၃,၀၀၀ ကျော်သည် ပုဂ္ဂလိကပိုင် မြေယာအငြင်းပွားမှုကြောင့် အိမ်ထောင်စု ၆၆၉ စု တရားစွဲဆို အဖယ်ရှားခံရမည့် ဘေးနှင့် ကြုံတွေ့နေရသဖြင့် စက်တင်ဘာ ၂၁ ရက်နေ့တွင် အစိုးရထံ ကူညီပေးရန် အယူခံလွှာ တင်သွင်းခဲ့ကြပါတယ်။

မူ ၉ (Moo 9) ခုတ်တာနုတ် ကျေးရွာမှ ကိုယ်စားလှယ်များသည် ဖူးခက်ခရိုင် တိုင်ကြားရေးစင်တာ (Damrongdhama Centre) သို့ သွားရောက်ကာ တရားရင်ဆိုင်နေစဉ်အတွင်း ၎င်းတို့၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးရန်နှင့် နောက်ဆုံးတွင် ဖယ်ရှားခံရပါက နေထိုင်ရန်နေရာ မရှိသည့် ဝင်ငွေနည်း မိသားစုများအတွက် အိုးအိမ်ထောက်ပံ့မှုများ ကြိုတင်ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဖူးခက် လွှတ်တော်အမတ် Chalermpong Saengdee ၏ ပြောကြားချက်အရ ဒေသခံများအား အဆောက်အအုံ ဖျက်သိမ်းပေးရန်နှင့် နှင်ထုတ်ရန် တရားစွဲဆိုမှုပေါင်းများစွာ ရှိနေပြီး အချို့အမှုများမှာ တရားလွှတ်တော်ချုပ် (Supreme Court) အဆင့်အထိ အပြီးသတ် အမိန့်ချမှတ်ပြီးစီးခဲ့ပြီဖြစ်သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် တရားရုံး၏ အမိန့်နှင့် ဆုံးဖြတ်ချက်များကို ပယ်ဖျက်ခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း ပြုလုပ်၍မရကြောင်း၊ သို့သော် တရားရင်ဆိုင်နေဆဲ အမှုများအတွက် အထောက်အထားများ ဆက်လက်တင်ပြနိုင်ကြောင်း အရာရှိများက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြေယာအငြင်းပွားမှုသည် ၂၀၀၅ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပိုမိုကြီးမားလာခြင်းဖြစ်သည်။

ဖူးခက်ခရိုင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးရုံး (Social Development and Human Security) က ထိခိုက်ခံရသည့် အိမ်ထောင်စုများမှ ကိုယ်စားလှယ်များအား လူမှုဖူလုံရေး အကူအညီများ လျှောက်ထားနိုင်ရန် စာရင်းစတင်ကောက်ယူနေပြီဖြစ်သည်။

အာဏာပိုင်များသည် Baan Mankong အိုးအိမ်ဖွံ့ဖြိုးရေး ရန်ပုံငွေကို ရယူနိုင်ရန်အတွက် ငွေစုအသင်းများ ဖွဲ့စည်းပေးရန် ပြင်ဆင်နေပြီး၊ ပုဂ္ဂလိက မြေပိုင်ရှင်နှင့်လည်း ၃ နှစ်မှ နှစ် ၂၀ အထိ မြေငှားရမ်းခွင့် ရရှိရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားပေး အာဏာပိုင်အဖွဲ့ (PEA) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အခြေခံလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။

Source;Thaiger