မက္ကဆန်ရထား-ဘတ်စ်ကားတိုက်မှုတွင် သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများကို မိသားစုများ ထံလွှဲပြောင်း

ပြီးခဲ့သည့် မေလ ၁၆ ရက် (စနေနေ့) က ဘန်ကောက်မြို့၊ အာဆုတ်-ဒင်ဒန်းလမ်းရှိ မက္ကဆန်ရထားလမ်းကူးတွင် ဖြစ်ပွားခဲ့သည့် ကုန်တင်ရထားနှင့် ခရီးသည်တင်ဘတ်စ်ကားတို့ ပြင်းထန်စွာတိုက်မိပြီး မီးလောင်ကျွမ်းခဲ့မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ရသည့် ကြေကွဲဖွယ်ဖြစ်စဉ်တွင်၊ ယခုအခါ သေဆုံးသူ ၄ ဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှုခင်းဆရာဝန်များက အတည်ပြုပေးနိုင်ခဲ့ပြီဖြစ်လို့ မိသားစုဝင်များက သင်္ဂြိုဟ်ဖို့အတွက် ရုပ်အလောင်းများကို ဝမ်းနည်းပူဆွေးစွာဖြင့် လက်ခံရရှိခဲ့ကြပါတယ်။

ဘတ်စ်ကားတစ်စီးလုံး မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာကြောင့် ရုပ်အလောင်းအများစုမှာ ပြာကျလုနီးပါး ကျွမ်းလောင်ခဲ့ရပြီး DNA နှင့် ဆွေမျိုးများ၏ သက်သေပြချက်များဖြင့် ခက်ခက်ခဲခဲ စစ်ဆေးအတည်ပြုခဲ့ရခြင်း ဖြစ်ပါတယ်။ သေဆုံးသူ ၄ ဦး၏ နောက်ကွယ်က မိသားစုဝင်တွေရဲ့ ရင်ကွဲမတတ် ခံစားချက်တွေကတော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ။

၁။ သာနတ်ဖိဖတ် (အသက် ၂၁ နှစ်): Silpakorn University မှ ၃ နှစ်မြောက် အိုင်တီကျောင်းသား။ နောက်နှစ်တွင် ဘွဲ့ရတော့မည့် အနာဂတ်အလားအလာရှိသူ ဖြစ်ပြီး သူငယ်ချင်းများနှင့် တွေ့ဆုံရန်အသွား လမ်းခရီးတွင် သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

၂။ ဝိဖရတ် ခေါ် “ရို့စ်” (အသက် ၂၅ နှစ်): Kasetsart University မှ ဂုဏ်ထူးဖြင့် ဘွဲ့ရထားသည့် Graphic Designer/DJ မလေး။ အခင်းဖြစ်ပြီးနောက် မိခင်ဖြစ်သူက သမီး၏ Smartwatch မှ အချက်ပေးသံများ ဖုန်းထဲသို့ ဆက်တိုက်တက်လာသဖြင့် ဖုန်းပြန်ခေါ်သော်လည်း လုံးဝပြန်မထူးတော့ဘဲ ကွယ်လွန်သွားခဲ့ရှာပါတယ်။

၃။ အန်တီအီယန်း (အသက် ၆၆ နှစ်): ချူလာလောင်ကွန်းဆေးရုံကြီးအနီးမှ အိမ်အကူ။ သားသမီး ၃ ဦးကို ရှာဖွေကျွေးမွေးနေသည့် မိသားစု၏ အဓိကမဏ္ဍိုင်ဖြစ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စိတ်ချရသည်ဟု ယုံကြည်ကာ စီးနင်းရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

၄။ သီယမ် (အသက် ၅၇ နှစ်): ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) ရုံးချုပ်မှ အိမ်သန့်ရှင်းရေးဝန်ထမ်း။ သူမကွယ်လွန်မှုအပေါ် TAT ဥက္ကဋ္ဌကိုယ်တိုင် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Source;ThaiPBSWorld