ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (ATPD) သည် ရယောင်း (Rayong) ပြည်နယ်ရှိ မွေထိုင်းလက်ဝှေ့စခန်းတစ်ခုကို အကာအကွယ်ယူကာ ကလေးသူငယ်များအား လူကုန်ကူးခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် စခန်းမန်နေဂျာကို ဖမ်းဆီးလိုက်ပြီး၊ ကလေးငယ်များအား ဗီဒီယိုရိုက်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် နော်ဝေနိုင်ငံသား အလှူရှင်တစ်ဦးကို ဖမ်းဆီးနိုင်ရန် ရှာဖွေလျက်ရှိပါတယ်။
ရဲတပ်ဖွဲ့ဝင်များသည် လက်ဝှေ့သင်တန်းသားအဖြစ် ဟန်ဆောင်ကာ စုံစမ်းခဲ့ရာ စခန်းမန်နေဂျာ “ချက်” (Check) က အသက် ၁၃ နှစ်၊ ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ယောက်ျားလေး ၃ ဦးကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးရန် တစ်ဦးလျှင် ဘတ် ၃,၀၀၀ ဖြင့် စျေးနှုန်းညှိနှိုင်းခဲ့သည်။
မန်နေဂျာသည် အဆိုပါ ကလေးငယ် ၃ ဦးအား ချွန်ဘူရီ (Chonburi) ပြည်နယ်ရှိ ရီဆော့တစ်ခုသို့ လာရောက်ပို့ဆောင်ချိန်တွင် ရဲတပ်ဖွဲ့က လက်ရဖမ်းဆီးခဲ့ပြီး ကလေးငယ်များကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်။
ရဲတပ်ဖွဲ့က လက်ဝှေ့စခန်းကို ဝင်ရောက်စီးနင်းပြီး ကလေးငယ်များအား မေးမြန်းစုံစမ်းရာတွင် ပိုမိုဆိုးရွားသည့် အချက်အလက်များကို ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။
စခန်းအား ငွေကြေးပံ့ပိုးပေးနေသည့် “မစ္စတာကင်မ်” ဟု အမည်ဝှက်ပေးထားသော နော်ဝေနိုင်ငံသားတစ်ဦးသည် စခန်းတွင်းရှိ သီးသန့်အခန်းများတွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ပြီး ၎င်းလုပ်ရပ်များကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခဲ့ကြောင်း ကလေးများက ထွက်ဆိုခဲ့သည်။
အဆိုပါ နိုင်ငံခြားသားသည် ကလေးငယ်များအား တစ်ကြိမ်လျှင် ဘတ် ၅၀၀ မှ ၅,၀၀၀ အထိ ပေးကမ်းခြင်း၊ ဖုန်းများနှင့် ကျောင်းဝတ်စုံများ ဝယ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ စခန်းတာဝန်ခံများနှင့် ကလေးများ၏ မိသားစုဝင်အချို့မှာ ငွေကြေးထောက်ပံ့မှုများကြောင့် ယခုစော်ကားမှုများကို သိရှိသော်လည်း ဖုံးကွယ်ထားခဲ့ကြသည်။
လက်ရှိတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည့် သားကောင်ဖြစ်ခဲ့ရသော ကလေးငယ် ၆ ဦးကို အတည်ပြု စာရင်းသွင်း ကယ်ဆယ်ထားနိုင်ခဲ့ပြီး အဆိုပါ နော်ဝေနိုင်ငံသား သံသယရှိသူကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
Source;Khaosod
