ဟော်မုဇ်ရေလက်ကြားတွင် ပျက်စီးသွားသော ထိုင်းသင်္ဘောပေါ်၌ လူသေရုပ်အကြွင်းအကျန်များ တွေ့ရှိ

မတ်လ ၁၁ ရက်နေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ထိုင်းသင်္ဘောသား ၃ ဦးနဲ့ ပတ်သက်ပြီး ခုလို နောက်ဆုံးရသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သင်္ဘောပိုင်ရှင် Precious Shipping ကုမ္ပဏီက ငှားရမ်းထားတဲ့ အထူးကယ်ဆယ်ရေးအဖွဲ့ဟာ သင်္ဘောပေါ်ကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေရာမှာ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကြားထဲက လူသေရုပ်အကြွင်းအကျန် အစိတ်အပိုင်းအချို့ကို တွေ့ရှိခဲ့တာပါ။ သင်္ဘောဟာ မီးလောင်ကျွမ်းထားသလို အင်ဂျင်ခန်းနဲ့ အနီးနားတစ်ဝိုက်မှာလည်း ရေဝင်နေတာကြောင့် ရှာဖွေရေးအဖွဲ့တွေအတွက် အလွန်ခက်ခဲခဲ့ပါတယ်။

တွေ့ရှိရတဲ့ ရုပ်အကြွင်းအကျန်တွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အခုထက်ထိ အတည်မပြုနိုင်သေးပါဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သေဆုံးသူတွေရဲ့ အမည်နာမတွေကို အမြန်ဆုံး အတည်ပြုနိုင်ဖို့အတွက် အီရန်အာဏာပိုင်တွေ၊ သက်ဆိုင်ရာ သံရုံးတွေနဲ့ နီးနားကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။

အခုလို အရပ်သား သင်္ဘောသားတွေ ထိခိုက်သေဆုံးရမှုအပေါ် ထိုင်းအစိုးရက ဝမ်းနည်းကြောင်း ပြောကြားရင်း ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းစေဖို့အတွက် သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ နိုင်ငံတကာဥပဒေတွေအတိုင်း ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။

Source; Khaosod English