အယုဒ္ဓယ ကျောက်ဖရွမ်ဈေးတွင် တရားမဝင် အရောင်းအဝယ်လုပ်သည့် မြန်မာအပါအဝင် ၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဖရာနခွန်စီအယုဒ္ဓယပြည်နယ်၊ ကျောက်ဖရွမ်ဈေး (Chao Phrom Market) အတွင်း ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိသည့် သီးသန့်အလုပ်အကိုင်များကို ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံခြားသား လုပ်သား ၉ ဦးကို ဇူလိုင် ၂၂ ရက် နံနက်အစောပိုင်း ၂:၃၀ နာရီတွင် လဝကနှင့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အယုဒ္ဓယပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (ตม.)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်း၍ တရားမဝင် နိုင်ငံခြားသားလုပ်သားများ ပပျောက်ရေးအတွက် ကျောက်ဖရွမ်ဈေးအတွင်း အလစ်အငိုက် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း နိုင်ငံခြားသား ၉ ဦး ဖမ်းဆီးရမိခဲ့သည်။

မြန်မာနိုင်ငံသားများမှာ ဟင်းသီးဟင်းရွက်ဆိုင်၊ ငါးသေတ္တာ/ငါးခြောက်ဆိုင်များ တရားမဝင် ကိုယ်တိုင်ဖွင့်လှစ် ရောင်းချနေသည့်အပြင် ဝက်သားဆိုင်တွင် အလုပ်လုပ်နေသော်လည်း အလုပ်လုပ်ခွင့် စာရွက်စာတမ်း မပြသနိုင်ခဲ့ပေ။

လာအိုနိုင်ငံသားများမှာ ခွင့်ပြုထားသည့် အလုပ်အကိုင်ပြင်ပ နယ်ပယ်ကျော်လွန် လုပ်ကိုင်နေသည်ကို တွေ့ရှိရသည်။

ဗီယက်နမ်နိုင်ငံသားများကတော့ ဈေးအတွင်း ဟင်းသီးဟင်းရွက် ရန်းတွန်းလှည်း တွန်းသည့် အလုပ်ကို လုပ်ကိုင်နေပြီး ယင်းမှာ ဥပဒေအရ တားမြစ်ထားသည့် အလုပ်အကိုင်ဖြစ်သည်။

ဖမ်းဆီးရမိသူများကို ဖရာနခွန်စီအယုဒ္ဓယ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး “တရားမဝင် ဝင်ရောက်နေထိုင်မှု”၊ “အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု”၊ “ခွင့်ပြုထားသည့် သီးသန့်အလုပ်အကိုင်ပြင်ပ ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်လုပ်ကိုင်မှု” စသည့် ၂၀၁၇ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှု ဥပဒေဆိုင်ရာ ပုဒ်မများဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသည်။

Source;Banmuang News