ဥဒုံထာနီတွင် နှစ်သန်း ၁၂၀ သက်တမ်းရှိ သားရဲဒိုင်နိုဆော ခြေရာ ၆ ခု ပထမဆုံးအကြိမ် အတည်ပြု တွေ့ရှိ

ထိုင်းနိုင်ငံ၊ ဥဒုံထာနီ (Udon Thani) ခရိုင်၊ ဘန်းဖူး (Ban Phue) မြို့နယ်ရှိ သစ်တောအတွင်း ရေချောင်းအောက်ခြေမှ တွေ့ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာများသည် လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၂၀ ခန့်က ကျက်စားခဲ့သည့် အသားစား ဒိုင်နိုဆော (Theropod) ၏ ခြေရာ ၆ ခုဖြစ်ကြောင်း သယံဇာတနှင့် သတ္တုအရင်းအမြစ် ဦးစီးဌာနက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အစောပိုင်းက ခြေရာတစ်ခြမ်းသာ တွေ့ရှိရသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း၊ သတ္တုအရင်းအမြစ် ဦးစီးဌာနမှ ရှေးဟောင်းဇီဝဗေဒပညာရှင်များသည် Phu Hin Chom That–Phu Phra Bat အမျိုးသားဥယျာဉ်နှင့် အနုပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာ သဲကျောက်ပြင်ပေါ်တွင် စနစ်တကျ တန်းစီတည်ရှိနေသည့် ခြေရာ ၆ ခုကို တွေ့ရှိခဲ့ကြသည်။

အဆိုပါ ခြေရာများသည် လက်သည်းချွန် ၃ ချောင်းပါရှိသည့် Theropod ခေါ် သားရဲ အသားစား ဒိုင်နိုဆော၏ ခြေရာများဖြစ်ကြသည်။ ခြေရာတစ်ခုလျှင် အလျား ၂၉ စင်တီမီတာနှင့် အနံ ၂၆ စင်တီမီတာ ရှိသည်။ အဆိုပါ တိုင်းတာချက်များအရ ဒိုင်နိုဆော၏ တင်ပါးဆုံအမြင့်မှာ ၁.၄၂ မီတာခန့်နှင့် ခန္ဓာကိုယ်အလျား ၆.၃ မီတာခန့် ရှိမည်ဟု ခန့်မှန်းရပြီး၊ ယခင်က ထိုင်းနိုင်ငံတွင် တွေ့ရှိခဲ့ဖူးသည့် Siamotyrannus isanensis ဒိုင်နိုဆော အမျိုးအစား၏ အရွယ်အစားနှင့် တူညီမှုရှိသည်။

ထိုင်းနိုင်ငံအတွင်း အသားစား Theropod ဒိုင်နိုဆော၏ ကျောက်ဖြစ်ရုပ်ကြွင်း ခြေရာများကို အတည်ပြု တွေ့ရှိရခြင်းမှာ ဒါဟာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သတ္တုအရင်းအမြစ် ဦးစီးဌာနက ပြောကြားခဲ့သည်။

သက်ဆိုင်ရာ ဦးစီးဌာနများ ပူးပေါင်း၍ အဆိုပါ ခြေရာများ ရေတိုက်စားခြင်းနှင့် လာရောက်ကြည့်ရှုသူများကြောင့် ပျက်စီးမှု မရှိစေရန် ကျောက်ဖြစ်ရုပ်ကြွင်း ကာကွယ်ရေးဥပဒေ (Fossil Protection Act) အရ အရေးပေါ် ကာကွယ်ရေး အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ နေရာကို နောင်တွင် သုတေသနစခန်းနှင့် ဘူမိဗေဒဆိုင်ရာ ခရီးသွားလာရေး စခန်းတစ်ခုအဖြစ် တိုးချဲ့ဖန်တီးသွားရန်လည်း စီစဉ်လျက် ရှိသည်။

Source;ThaiPBS