အပြစ်မဲ့သူများ၏ ဘဏ်အကောင့်များကို ၁၂ နာရီအတွင်း ပြန်ဖွင့်ပေးမည်ဟု ထိုင်းရဲချုပ် ကတိပြု

ထိုင်းရဲချုပ် Pol Gen Kitrat Panphet သည် ဆိုက်ဘာရာဇဝတ်မှုများနှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဘဏ်အကောင့်များ ယာယီပိတ်ခံထားရသူများကို ကူညီရန်အတွက် တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေးတစ်ခုကို ဦးဆောင်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးမှနေ၍ အပြစ်မဲ့သူများ၏ အကောင့်များကို ၁၂ နာရီအတွင်း ပြန်လည်ဖွင့်ပေးရန် ကတိပြုခဲ့သည်။

Kitrat က ဘဏ်အကောင့်အပြည့်အစုံကို အကောင့်ပိတ်ခြင်း မဟုတ်ဘဲ ရာဇဝတ်မှုနှင့် ဆက်စပ်နေသည်ဟု သံသယရှိသော ငွေကြေးအပိုင်းကိုသာ “ယာယီဆိုင်းငံ့ခြင်း” ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

အပြစ်မဲ့အကောင့်ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်လေးခုဖြစ်သည့်-

  • အမည်အပြည့်အစုံ
  • မှတ်ပုံတင်နံပါတ်
  • ဘဏ်အကောင့်နံပါတ်
  • ဘဏ်အမည် တို့ကို ပေးအပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို သက်သေပြနိုင်ကြောင်း ရှင်းပြခဲ့သည်။

“စစ်ဆေးမှုအရ ပြစ်မှုနှင့် ဆက်စပ်မှုမရှိကြောင်း အတည်ပြုနိုင်ပါက အကောင့်ကို ၁၂ နာရီအတွင်း ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်”ဟု ရဲချုပ်က ပြောကြားခဲ့ပြီး လုပ်ထုံးလုပ်နည်းအသစ်ကို ချက်ချင်းအသက်ဝင်စေမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် သားကောင်များအနေဖြင့် ၎င်းတို့၏ ဒေသခံရဲစခန်းတွင် တိုင်ကြားနိုင်ကြောင်းလည်း အကြံပြုခဲ့သည်။

ရဲတပ်ဖွဲ့သည် ဤစနစ်အသစ်ကြောင့် တစ်နိုင်ငံလုံးရှိ စုံစမ်းစစ်ဆေးသူများအပေါ် လုပ်ငန်းဝန်ပိနိုင်ကြောင်း ဝန်ခံခဲ့သည်။ လက်ရှိတွင် ဆိုက်ဘာရာဇဝတ်မှုပုံစံများ ပြောင်းလဲလာမှုနှင့် ဆက်စပ်နေသော အမှုပေါင်းများစွာကို ရင်ဆိုင်နေရကြောင်းလည်း သိရသည်။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် ဝန်ထမ်းအင်အားတိုးမြှင့်ခြင်းအပါအဝင် ပြည်တွင်းစီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်သွားမည်ဟု Kitrat က ပြောကြားခဲ့သည်။

အချို့အရာရှိများက ပိတ်ထားသော အကောင့်များကို ပြန်လည်ဖွင့်ပေးရန်အတွက် လာဘ်ယူခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍လည်း ရဲချုပ်က သက်သေအထောက်အထားရှိသူမည်သူမဆို ရှေ့ထွက်လာရန် တိုက်တွန်းခဲ့ပြီး မမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိပါက ခြွင်းချက်မရှိ အရေးယူသွားမည်ဟုလည်း ကတိပြုခဲ့ကြောင်းသိရပါသည်။

Source: The Nation Thailand