ရွှေကုက္ကိုလ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း နှင့် လောင်းကစားလုပ်ငန်းသုံး ၇ ထပ်တိုက်ကို မိုင်းခွဲဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၆၃ လုံးအထိ ဖြိုဖျက်ပြီးစီး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ် (Shwe Kokko) နှင့် KK Park ဒေသများအတွင်း အခြေစိုက်ထားသည့် တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု (Scams) နှင့် လောင်းကစားလုပ်ငန်းများကို နှိမ်နင်းသည့် အစီအစဉ်အရ ဇွန်လ ၂၃ ရက်တွင် အွန်လိုင်းလုပ်ငန်းသုံး ၇ ထပ်တိုက် လူနေအဆောက်အအုံကြီးတစ်ခုကို ထိန်းချုပ်မိုင်း များဖြင့် စနစ်တကျ မိုင်းခွဲဖြိုဖျက်လိုက်ပါတယ်။

သက်ဆိုင်ရာအစိုးရဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အသုံးပြုနေသည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၇၇ လုံး ကို စိစစ်ဖော်ထုတ်ထားပြီး ဖြိုဖျက်ရေးစီမံကိန်းကို အောက်ပါအတိုင်း အပိုင်းနှစ်ပိုင်းခွဲ၍ လုပ်ဆောင်နေခြင်းဖြစ်သည်။

-ဘက်ဟိုး/စက်ယန္တရားကြီးများဖြင့် ဖြိုဖျက်မည့် အဆောက်အအုံ: ၅၇ လုံး

-ထိန်းချုပ်မိုင်းဖြင့် ခွဲခြမ်းဖြိုဖျက်မည့် အဆောက်အအုံ: ၂၀ လုံး (ဇွန်လ ၂၃ ရက်က ပြိုကျသွားသည့် ၇ ထပ်တိုက်သည် ဤအုပ်စုထဲမှ ဖြစ်သည်)

ယခုအချိန်အထိ ပူးပေါင်းအဖွဲ့အနေဖြင့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၃ လုံး ကို အောင်မြင်စွာ ဖြိုဖျက်ရှင်းလင်းပြီးစီးခဲ့ပြီး ဖြစ်သည်။ ၎င်းအပြင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများတွင် အသုံးပြုသည့် နည်းပညာနှင့် ဆက်သွယ်ရေးစက်ပစ္စည်းများကိုလည်း တစ်ပါတည်း ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိနေသေးသော တရားမဝင် အဆောက်အအုံ ၁၄ လုံး ကိုလည်း လာမည့်ရက်ပိုင်းအတွင်း ဆက်လက်ဖြိုဖျက်သွားရန် စီစဉ်ထားရှိပြီး၊ နယ်စပ်ဒေသအတွင်း အွန်လိုင်းရာဇဝတ်မှုများ အမြစ်ပြတ်စေရေးအတွက် နှိမ်နင်းရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

Source;The Nation