ကန်ချနာဘူရီ (Kanchanaburi) ပြည်နယ်၊ ထောင်ဖာဖုမ် (Thong Pha Phum) ခရိုင်ရှိ သစ်တောတစ်ခုအတွင်း၌ ထိုင်းပြည်နယ်များနှင့် မလေးရှားသို့ သွားရောက်လုပ်ကိုင်ရန် ပို့ဆောင်မည့် ယာဉ်ကို စောင့်ဆိုင်းနေသော မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၆၂ ဦး ကို တနင်္ဂနွေနေ့တွင် ဖမ်းဆီးရမိခဲ့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး Athisarn Intra (အာ့ထီဆန် အင်ထရာ) သည် နံနက် ၉:၃၀ နာရီတွင် တရားမဝင် လုပ်သားများ ထာခါနွမ် (Tha Khanun) ရပ်ကွက်ရှိ သစ်တောဧရိယာ၌ ပုန်းအောင်းနေကြောင်း သတင်းရရှိခဲ့သည်။
ထောင်ဖာဖုမ် အထူးတာဝန်ယူ အဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ရာ လူအုပ်စုကြီးဖြစ်သော (၁၆၂) ဦး ကို တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးက အာဏာပိုင်များထံသို့ ငြိမ်းချမ်းစွာ လက်နက်ချ အဖမ်းခံခဲ့သည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား (၉၄) ဦး၊ အမျိုးသမီး (၅၇) ဦးနှင့် အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား ကလေးငယ် ၁၁ ဦး ပါဝင်သည်။
စကားပြန်မှတစ်ဆင့် ကနဦး စစ်ဆေးမေးမြန်းမှုများအရ အဆိုပါအဖွဲ့သည် ဆံဃလာဘူရီ (Sangkhla Buri) ခရိုင်ရှိ သဘာဝနယ်စပ် လမ်းကြောင်းများ မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ခိုးဝင်လာခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် စစ်ဆေးရေးဂိတ်များကို ရှောင်တိမ်းကာ လှေဖြင့် ခရီးသွားခဲ့ပြီး သောင်ဖာဖုမ်ခရိုင်တွင် ကုန်းပေါ်သို့ တက်ရောက်ခဲ့သည်။
ထိုနေရာမှ ယာဉ်မောင်းတစ်ဦးက ၎င်းတို့ကို အသုတ်လိုက် ခေါ်ဆောင်လာပြီး သစ်တောထဲတွင် ပုန်းခိုနေစေကာ မြို့တွင်းသို့ ခေါ်ဆောင်သွားမည့် အခြားယာဉ်တစ်စီးကို ငါးနာရီကြာ ထပ်မံစောင့်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
လုပ်သားများ၏ ပြောကြားချက်အရ ၎င်းတို့သည် ဘတ် ၂၀,၀၀၀ မှ ၂၄,၀၀၀ကြား ပေးချေခဲ့ရပြီး ၎င်းငွေများသည် သယ်ယူပို့ဆောင်ခအတွက် ဖြစ်ကာ စမွတ် ဆာခွန်၊ ဘန်ကောက်၊ ချွန်ဘူရီ၊ အယုဒ္ဓယနှင့် ဆုန်ခလာ ပြည်နယ်များရှိ အလုပ်အကိုင်များသို့ ပို့ဆောင်ပေးမည်ဟု ပွဲစားများက ကတိပေးခဲ့ခြင်းဖြစ်သည်။ အချို့မှာ မလေးရှားနိုင်ငံသို့ပါ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန် မျှော်လင့်ခဲ့ကြသည်။
Source: Bangkok Post