စားသုံးသူ ကာကွယ်ရေးရဲတပ်ဖွဲ့ (CPPD) အရာရှိများနှင့် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ဝန်ထမ်းများသည် လူကြိုက်များသော “Hong Thai” တံဆိပ် ထုတ်လုပ်သည့် လိုင်စင်မဲ့ ဆေးဘက်ဝင် ရှူဆေးစက်ရုံ လေးခုကို စီးနင်းခဲ့ရာ ဘတ် သန်း ၁၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းပေါင်း ၂.၃ သန်းကျော် ကို သိမ်းဆည်းရမိခဲ့သည်။
CPPD ရဲတပ်ဖွဲ့နှင့် FDA အရာရှိများ ပူးပေါင်းအဖွဲ့သည် ဆေးဘက်ဝင်ရှူဆေးများ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းများ ပြုလုပ်သည်ဟု သံသယရှိသည့် နေရာလေးခုကို ကြာသပတေးနေ့က ရှာဖွေခဲ့သည်။ စစ်ဆင်ရေးကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ကော်မရှင်နာ ရဲဗိုလ်ချုပ်ကြီး Natthasak Chaowanasai (နတ်ထာဆက် ချာဝါနဆိုင်) နှင့် CPPD တပ်မှူး ရဲမှူးချုပ် Khongkrit Lertsitthikul (ခေါင်ကရစ် လတ်ဆစ်သိကုလ်) တို့က ဦးဆောင်ခဲ့သည်။
ဘန်ကောက်မြို့၊ ဘန်ခဲ ခရိုင်ရှိ အိမ်တစ်လုံး။စမွတ်ဆာခွန်ခရိုင်၊ ကရာထုမ် ဘင် ခရိုင်ရှိ စက်ရုံသုံးနေရာ။ နေရာလေးခုမှ “Hong Thai” တံဆိပ် ဆေးဘက်ဝင်ရှူဆေးများနှင့် မန်သော်ဗာလမ် (menthol balm) ပစ္စည်းများ စုစုပေါင်း ၂,၃၅၀,၀၀၀ ခု ကို သိမ်းဆည်းရမိခဲ့ရာ တန်ဖိုးအားဖြင့် ဘတ် သန်း ၁၀၀ ကျော်ရှိသည်။

ဤစီးနင်းမှုသည် အဆိုပါ တံဆိပ်အောက်ရှိ ဆေးဘက်ဝင်ရှူဆေး ထုတ်ကုန်များတွင် အဏုဇီဝပိုးမွှားများ ညစ်ညမ်းနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည့် အလားအလာရှိနေသည်။ (ယခင် FDA ၏ သတိပေးချက်အရ Hong Thai Formula 2 ရှူဆေးတွင် Clostridium spp. အပါအဝင် ပိုးမွှားများ စံနှုန်းထက် ကျော်လွန်နေကြောင်း တွေ့ရှိခဲ့သည်။) CPPD ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက် အဆိုပါ ထုတ်ကုန်များကို FDA တွင် မှတ်ပုံတင်ထားသည့် နေရာနှင့် သီးခြားခွဲ၍ ခွင့်ပြုချက်မရှိသော နေရာများတွင် လျှို့ဝှက် ထုတ်လုပ်နေခြင်း ဖြစ်နိုင်ကြောင်း သက်သေအထောက်အထားများ တွေ့ရှိခဲ့သည်။
ကနဦး စစ်ဆေးတွေ့ရှိချက်များအရ ဆေးဘက်ဝင်ရှူဆေးများကို မူလက ဘန်ခဲခရိုင်ရှိ ဘန်ဖိုင်းဧရိယာရှိ စက်ရုံတစ်ခုတွင် ထုတ်လုပ်ရန် လိုင်စင်ရထားသော်လည်း ထုတ်လုပ်သူသည် FDA ခွင့်ပြုချက်မရဘဲ အခြားနေရာများသို့ လုပ်ငန်းများကို ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။
ပစ္စည်းအားလုံးကို သက်သေခံအဖြစ် သိမ်းဆည်းထားပြီး CPPD ၏ စစ်ဆေးရေးဌာနခွဲ ၄ မှ စုံစမ်းစစ်ဆေးသူများသည် ပါဝင်ပတ်သက်သူအားလုံးကို ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
Source: Bangkok Post
