တနင်္ဂနွေနေ့တွင် ဟတ်ယိုင် (Hat Yai) လေဆိပ်နှင့် ဟတ်ယိုင်ခရိုင်ရှိ ဟိုတယ်များတွင် ခရီးသွား ၁,၀၀၀ ကျော် ပိတ်မိနေခဲ့သည်။ အစိုးရမှ အကူအညီများ ပေးအပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးအတွက် စစ်တပ်၏ ကားကြီးများကို စေလွှတ်ခဲ့သည်။
စနေနေ့ ညနှောင်းပိုင်းတွင် ဟတ်ယိုင်လေဆိပ်သို့ သွားရောက် စစ်ဆေးခဲ့သည့် ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး Atthakorn Sirilatthayakorn (အတ်တခွန် စီရိလတ်သယာကွန်) က ပြင်းထန်သော ရေကြီးမှုကြောင့် မြို့လယ်ခေါင်သို့ သွားလာရေး ခက်ခဲနေသောကြောင့် ခရီးသွား ၁,၀၀၀ ခန့် မှာ လေဆိပ်မှ ထွက်ခွာနိုင်ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

လေဆိပ် စီမံခန့်ခွဲရေးအဖွဲ့သည် ပိတ်မိနေသော ခရီးသွားများအား အစားအစာ၊ သောက်ရေ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရှေးဦးသူနာပြုပစ္စည်းနှင့် အခြား လိုအပ်သော ပစ္စည်းများကို ပေးအပ်လျက်ရှိသည်။
ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Natthriya Thaweevong (နတ်သရိယ ထဝီဝုန်) က လမ်းများစွာ သွားလာ၍ မရသောကြောင့် ခရီးသွားများစွာသည် ဟိုတယ်များ၊ လေဆိပ်နှင့် အခြား ရေလွှမ်းမိုးသော နေရာများတွင် ပိတ်မိနေကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များက ထိခိုက်နေသော ဟိုတယ်များသို့ အစားအစာ၊ သောက်ရေနှင့် မရှိမဖြစ် ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိသည်။

ဟိုတယ် ၃၀ ခန့်မှ ဝန်ထမ်းများသည် တနင်္ဂနွေနေ့တွင် အစားအစာဗူး ၃,၇၀၀ ကျော်တောင်းခံခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဆုန်ခလာ အုပ်ချုပ်ရေးမှူး Rathasat Cherdchu (ရာသာစတ် ချေတ်ချူ) က ဒေသခံ ကြက်ခြေနီအဖွဲ့သည် ထိခိုက်နေသော ခရိုင်အားလုံးရှိ ဒေသခံများအတွက် တစ်ရက်လျှင် အစားအစာဗူး ၂၀,၀၀၀ ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
ရေကြီးမှုသည် ခရိုင် ၁၀ ခုရှိ ကျေးရွာ ၆၃၇ ရွာ ကို ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး လူဦးရေ ၄၆၅,၀၀၀ ခန့် ထိခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ ၎င်းတို့အနက် ဟတ်ယိုင်ခရိုင်သည် ၂၄၃,၀၀၀ ခန့် ရှိသည်။ နာမုံ (Na Mom) နှင့် ရတ္တဖုမ် (Rattaphum) ခရိုင်တို့သည်လည်း ရေကြီးမှု ပြင်းထန်ခဲ့သော အခြားခရိုင်များ ဖြစ်သည်။

Source: Bangkok Post
