အင်ဒိုနီးရှားနိုင်ငံရှိ တောမီးလောင်ကျွမ်းမှုများမှ ဖြစ်ပေါ်လာသော အဆိပ်သင့် မီးခိုးမြူများ (Transboundary Haze) သည် ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်းခလာ (Songkhla) ခရိုင်သို့ စတင်ရောက်ရှိလာပြီး ဟတ်ယိုင်မြို့ (Hat Yai) တွင် PM2.5 လေထုညစ်ညမ်းမှုမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိ အဆင့်သို့ ရောက်ရှိနေကြောင်း စက်တင်ဘာ ၁၆ ရက်နေ့က သိရပါတယ်။
ဆုန်းခလာ မင်းသား တက္ကသိုလ် လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး သုတေသန ဗဟိုဌာန၏ စက်တင်ဘာ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီ တိုင်းတာချက်အရ ဟတ်ယိုင်မြို့တွင် PM2.5 ပမာဏမှာ 67.2 µg/m³အထိ ရောက်ရှိခဲ့ပြီး ထိုင်းအစိုးရ သတ်မှတ်ထားသည့် ဘေးကင်းရာ စံချိန် (37.5 µg/m³) ထက် များစွာ ကျော်လွန်ကာ လိမ္မော်ရောင်အဆင့် (ကျန်းမာရေး ထိခိုက်နိုင်သည့် အဆင့်) သို့ ရောက်ရှိခဲ့သည်။
မြို့တွင်း အချို့နေရာများတွင် အန္တရာယ်ရှိ အနီရောင်အဆင့် 88.2 µg/m³ အထိ တိုးမြင့်ခဲ့ပြီး တစ်နေ့တာ ပျမ်းမျှ ပမာဏမှာ 59.9 µg/m³ ရှိခဲ့သည်။
မီးခိုးမြူများ ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် ပို့ဆောင်ရေး အလုပ်လုပ်သူများ (Delivery Riders) ၏ မျက်စိနှင့် နှာခေါင်းများ စပ်ဖျင်းဖျင်း ဖြစ်ပေါ်နေသလို၊ ကျောင်းများတွင်လည်း ကျောင်းသားများအား ပြင်ပတွင် ထွက်ဆော့ကစားခြင်း မပြုရန် တားမြစ်ထားသည်။
အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ ပိုင်ဆိုင်သော ဘော်နီယို (Borneo) ကျွန်းနှင့် ဆူမားတြား (Sumatra) ကျွန်းတို့ရှိ တောမီးများမှ မီးခိုးများ အနောက်တောင်ဘက်သို့ လေတိုက်ခတ်ရာမှ ထိုင်းတောင်ပိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ထံ ပြန့်နှံ့လာခြင်းဖြစ်သည်။
“Super El Niño” ရာသီဥတုကြောင့် အင်ဒိုနီးရှားတွင် ပြင်းထန်သော မိုးခေါင်ရေရှားမှုနှင့် အပူချိန်မြင့်မားမှုများ ကြုံတွေ့နေရပြီး၊ ၁၁ နှစ်အတွင်း အဆိုးဝါးဆုံး တောမီးရာသီ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
စက်တင်ဘာလ ဆန်းပိုင်းမှစ၍ အင်ဒိုနီးရှား တောမီးမှ ကာဘွန် ထုတ်လွှတ်မှု ပမာဏမှာ တန်ချိန် ၁၉ သန်းကျော်ရှိခဲ့ပြီး တစ်ကမ္ဘာလုံး ထုတ်လွှတ်မှု၏ သုံးပုံတစ်ပုံကျော် ရှိနေသည်။
ဟတ်ယိုင်မြို့သည် မလေးရှား နယ်စပ်အနီး တည်ရှိပြီး လူဦးရေ ၈ သန်းနီးပါး နေထိုင်ကာ မလေးရှား ခရီးသွားများ အများအပြား လာရောက်သည့် မြို့ဖြစ်သဖြင့်၊ ဒေသခံများနှင့် ခရီးသွားများအနေဖြင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန် ပညာရှင်များက အကြံပြုထားသည်။
Source;Bankok Post
