ဘန်ကောက်၊ ထိုင်း — ထိုင်းလက်ရွေးစင်လက်ဝှေ့သမား Chalongchai Minindi (ခေါ်) Petchsuphan Luknongpantao သည် ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် SEA Games ပြိုင်ပွဲတွင် မတရားသော အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၇ ရက်) ၌ လက်ရွေးစင်အသင်းမှ နုတ်ထွက်ကြောင်း ကြေညာလိုက်သည်။
အမျိုးသား ၅၁ ကီလိုတန်း ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်ကစားသမား Lj Rafael Yasay ကို ၂၈-၂၉ မှတ်ဖြင့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သည်။”ပွဲမစခင်မှာတင် နည်းပြတစ်ယောက်က ကျွန်တော့်ရဲ့ ၅၁ ကီလိုတန်းပွဲမှာ ရလဒ်ကို ကြိုတင်ညှိနှိုင်း (Fix) ထားတယ်လို့ တိုက်ရိုက်ပြောခဲ့တယ်” ဟု Petchsuphan က ဖွင့်ဟခဲ့သည်။ပထမအချီတွင် မိမိက ပိုကောင်းအောင် ကစားနိုင်ခဲ့သော်လည်း အမှတ်ပေးဇယားတွင် ရှုံးနေသည့်အတွက် အံ့အားသင့်ခဲ့ရကြောင်း၊ ပရိသတ်များကလည်း ဒိုင်၏ ဆုံးဖြတ်ချက်အပေါ် ကွင်းလုံးညံအောင် လှောင်ပြောင်ဝေဖန်ခဲ့ကြကြောင်း သိရသည်။

Petchsuphan က ယခုပြိုင်ပွဲသည် သူ၏ နောက်ဆုံး SEA Games ဖြစ်ပြီး နိုင်ငံကိုယ်စားပြုအဖြစ်မှ နုတ်ထွက်ကာ ပရော်ဖက်ရှင်နယ် မွေထိုင်း (Muay Thai) လောကသို့သာ အာရုံစိုက်တော့မည်ဟု ဆိုသည်။”ကျွန်တော် လပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တယ်။ အစားအသောက်တွေ ဆင်ခြင်ပြီး ဘယ်လေ့ကျင့်ခန်းမှ မပျက်ကွက်ခဲ့ဘူး။ ဒါပေမဲ့ စိတ်ပျက်စရာတွေပဲ ရွေးချယ်ခံခဲ့ရတယ်။ ဒီလောကရဲ့ အရောင်အသွေးအမှန်ကို မြင်လိုက်ရပြီ” ဟု ၎င်းက ရေးသားခဲ့သည်။
ဤဖြစ်ရပ်သည် ယခုနှစ် SEA Games ရှိ မွေထိုင်းပြိုင်ပွဲ၏ ဒိုင်အဆုံးအဖြတ် စံနှုန်းများအပေါ် အကြီးအကျယ် ယုံကြည်မှု ပျက်ပြားစေခဲ့ပြီး၊ ထိုင်းအပျော်တမ်း မွေထိုင်းအဖွဲ့ချုပ်အနေဖြင့် ဤ “အတွင်းသတင်း” များအပေါ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။
Source: Nation Thailand
