ထိုင်းနိုင်ငံ၊ နခွန်ရက်ချာဆီမာတွင် ဆယ်ကျော်သက်ဂိုဏ်းဝင် ၂ ဦးကို ဖမ်းဆီး၊ ဘေ့စ်ဘောတုတ်ဖြင့် ရိုက်နှက်ပြီး ဆိုင်ကယ်များကို ဖျက်ဆီးခဲ့

ထိုင်းနိုင်ငံ၊ နခွန်ရက်ချာဆီမာခရိုင်၊ ပတ်ချောင် (Pak Chong) လမ်းဆုံမီးပွိုင့်တစ်ခုတွင် လမ်းသွားလမ်းလာ မောင်နှံနှစ်ဦးကို အကြောင်းမဲ့ ဝိုင်းဝန်းရိုက်နှက်ကာ ဆိုင်ကယ်များကို ရိုက်ခွဲဖျက်ဆီးခဲ့သည့် အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ဂိုဏ်းဝင် ၂ ဦးကို ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၂၂ ရက်) မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ပါတယ်ဗျာ။

ဇွန်လ ၂၁ ရက် ည ၁၁:၃၀ နာရီခန့်တွင် အလုပ်ဆင်းပြီး ဆိုင်ကယ်ဖြင့် အိမ်ပြန်လာသည့် လူငယ်နှစ်ဦးကို ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာသည့် လူငယ် ၆ ဦးဂိုဏ်းက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလူမိုက်ဂိုဏ်းသည် ဆိုင်ကယ်နောက်မှ အမျိုးသမီးကို အတင်းဆွဲချကာ ဘေ့စ်ဘောတုတ်ဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့သဖြင့် ဆိုင်ကယ်စီးဦးထုပ်ပါ ကွဲအက်သွားခဲ့သည်။ ထို့ပြင် ဆိုင်ကယ်များကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ၎င်းဖြစ်စဉ်ကို သားကောင်ဖြစ်သူများက ဗီဒီယိုမှတ်တမ်း ရိုက်ကူးထားနိုင်ခဲ့သည်။

ဖမ်းဆီးရမိသည့် ဆယ်ကျော်သက် ၂ ဦးက ၎င်းတို့အနေဖြင့် ဒဏ်ရာရရှိသူများနှင့် တစ်စုံတစ်ရာ ရန်ငြိုးရန်စမရှိဘဲ အကြောင်းမဲ့ ရမ်းကားရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ရန်ပွဲအတွင်း လမ်းပေါ်ပြုတ်ကျသွားသည့် သေနတ်နှင့်တူသောအရာကိုလည်း ၎င်းတို့ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ကောက်ယူခဲ့ခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

ပတ်ချောင်ရဲစခန်းမှူးက လတ်တလော ထွက်ပြေးလွတ်မြောက်နေသည့် ကျန်ရှိသူ ၄ ဦးကို ဆင့်ခေါ်စာ ပေးပို့ထားပြီး လာရောက်ခြင်းမရှိပါက ဖမ်းဝရမ်းထုတ်ကာ အမြန်ဆုံး ဖမ်းဆီးသွားမည်ဟု ဆိုသည်။ အခင်းဖြစ်နေရာတွင် ပါဝင်ခဲ့သည့် သေနတ်ကိုလည်း မှုခင်းဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေးနေပြီး ၎င်းအဖြေပေါ်မူတည်၍ လက်နက်ဥပဒေဖြင့်ပါ ထပ်မံတရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။

Source;Thairath