ဘန်ကောက်၊ ထိုင်း — ထိုင်းနိုင်ငံ၏ သမိုင်းဝင် အားကစားသမားတစ်ဦးဖြစ်သူ အိုလံပစ်ရွှေတံဆိပ်ရှင်ဟောင်း Manus Boonjumnong သည် လိမ်လည်မှုဖြင့် တရားရုံးက ချမှတ်ထားသည့် ထောင်ဒဏ်ကို ရှောင်တိမ်းနေခဲ့ရာမှ ယနေ့ (ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၅) တွင် ဖမ်းဆီးခြင်း ခံလိုက်ရပြီဖြစ်သည်။
၂၀၂၁ ခုနှစ်အတွင်းက Manus သည် လူတစ်ဦးအား ထီလက်မှတ်အရောင်းကုတ္တာ (Lottery Quota) ရရှိအောင် လုပ်ပေးမည်ဟုဆိုကာ ဘတ် ၂ သန်း လိမ်လည်ခဲ့ခြင်းဖြစ်သည်။လူကြီးတစ်ဦးထံမှ ကုတ္တာရရှိမည်ဟု အယုံသွင်းကာ ငွေယူခဲ့သော်လည်း ဂတိအတိုင်း ထီလက်မှတ်များ ပေးအပ်နိုင်ခြင်းမရှိသည့်အပြင် ငွေကိုလည်း ပြန်လည်ပေးဆပ်ခြင်းမရှိဘဲ ရှောင်တိမ်းနေခဲ့သည်။ သူသည် အာမခံဖြင့် လွတ်မြောက်နေစဉ် တရားရုံးချိန်းများကို ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် ဒွန်မောင်းခရိုင်တရားရုံးက အမှုနှစ်ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၂ နှစ်နှင့် ၉ လ အပြတ်အသတ် အမိန့်ချမှတ်ခဲ့သည်။

ယနေ့တွင် လိမ်လည်မှုနှိမ်နင်းရေးဌာနက သူ့ကို ဖမ်းဆီးပြီးနောက် ဘန်ကောက်အထူးထောင် (Bangkok Special Prison) သို့ ပို့ဆောင်ခဲ့သည်။တရားရုံးသို့ ခေါ်ဆောင်သွားစဉ် Manus က “ဒီနေ့က SEA Games လက်ဝှေ့ဗိုလ်လုပွဲတွေ ရှိတဲ့နေ့ဗျ။ ဒီနေ့မှ အဖမ်းခံရမယ်လို့ မထင်ထားဘူး။ လက်ဝှေ့ပွဲတွေအတွက် အားပေးရမှာကို လွမ်းနေတော့မှာပဲ” ဟု နောက်ပြောင်ကျီစယ်ကာ ပြောကြားခဲ့သည်။
Manus သည် ထိုင်းလက်ဝှေ့လောကတွင် အိုလံပစ်ဆုတံဆိပ် နှစ်ခုကို ပထမဆုံးနှင့် တစ်ဦးတည်းသော ဆွတ်ခူးထားသည့် ဂန္ထဝင်ကစားသမားဖြစ်သည်။
၂၀၀၄ အေသင်အိုလံပစ်: ရွှေတံဆိပ် (ဂရိ)
၂၀၀၈ ပေကျင်းအိုလံပစ်: ငွေတံဆိပ် (တရုတ်)
ထို့အပြင် အာရှဂိမ်းနှင့် SEA Games များတွင်လည်း ရွှေတံဆိပ်များစွာ ဆွတ်ခူးခဲ့သည့် နိုင်ငံဂုဏ်ဆောင် အားကစားသမားတစ်ဦး ဖြစ်သည်။
ယခုကဲ့သို့ ဂုဏ်သိက္ခာကြီးမားသည့် အားကစားသမားတစ်ဦး ဥပဒေကြောင်းအရ အရေးယူခံရခြင်းသည် ထိုင်းအားကစားလောကနှင့် ပရိသတ်များအတွက် အလွန်စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။
Source: Nation Thailand
