ချင်းမိုင်တွင် ၁ ဘီလီယံကျော် တန်ဖိုးရှိ အွန်လိုင်းလောင်းကစားဂိုဏ်းကို ဖြိုခွင်း

ချင်းမိုင်၊ ထိုင်း — ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက် (Poipet) နှင့် ငွေကြေးချိတ်ဆက်မှုရှိပြီး ငွေစီးဆင်းမှု ဘတ် ၁ ဘီလီယံကျော်ရှိသည့် “Thai Slot Extra 88 VIP” အမည်ရ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ထိုင်းရဲတပ်ဖွဲ့က အောင်မြင်စွာ ဖြိုခွင်းနိုင်ခဲ့သည်။ ချင်းမိုင်ခရိုင်၊ ဒွိုင်ဆာကက် (Doi Saket) ရှိ ဇိမ်ခံအိမ်ရာတစ်ခုတွင် ပုန်းအောင်းနေသည့် ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး သန်းနှင့်ချီတန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။

Phairat Ruekthawil နှင့် ၎င်း၏ဇနီး Namphet Suwanthadakul တို့ဖြစ်ကြသည်။ ၎င်းတို့သည် အွန်လိုင်းလောင်းကစားဝဘ်ဆိုဒ်၏ ငွေကြေးစီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုများကို ဦးဆောင်နေသူများ ဖြစ်သည်ဟု ယူဆရသည်။ ရဲတပ်ဖွဲ့သည် ဤဂိုဏ်းကို ဖမ်းဆီးနိုင်ရန် (၆) လကျော်ကြာ လျှို့ဝှက်စုံစမ်းခဲ့ရသည်။တရားမဝင် အွန်လိုင်းလောင်းကစား ပြုလုပ်ခြင်းနှင့် ငွေကြေးခဝါချမှု (Money Laundering) ပုဒ်မများဖြင့် ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Photo Courtesy of Bangkok Post

လောင်းကစားမှရရှိသော ငွေကြေးများဖြင့် ဝယ်ယူထားသည်ဟု ယူဆရသည့် အောက်ပါပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။Mercedes-Benz E-Class၊ Nissan Skyline GT-R ၅စီး အပါအဝင် ဆိုင်ကယ် (၃)စီး၊ မြေဂရမ် (၁၂)စောင်၊ တန်ဖိုးကြီးလက်ပတ်နာရီများ၊ ရှေးဟောင်းဘုရားဆင်းတုတော်များ နှင့် Bearbrick အရုပ် ၁၈ ရုပ် တို့ဖြစ်သည်။

စုံစမ်းစစ်ဆေးချက်များအရ ဤလောင်းကစားဂိုဏ်းသည် နယ်စပ်ဖြတ်ကျော် ငွေကြေးလွှဲပြောင်းမှုများကို ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ ရှိ လုပ်ငန်းစုများနှင့် ချိတ်ဆက်လုပ်ဆောင်နေကြောင်း တွေ့ရှိရသည်။ စုစုပေါင်း ငွေစီးဆင်းမှုမှာ ဘတ် ၁ ဘီလီယံ (မြန်မာကျပ်ငွေ ဘီလီယံပေါင်းများစွာ) ကျော်ရှိနေသဖြင့် ဒေသတွင်း အကြီးဆုံး အွန်လိုင်းလောင်းကစားကွန်ရက်တစ်ခု ဖြစ်နေသည်။

လက်ရှိတွင် သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုအားလုံးကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်သည်။ ရဲတပ်ဖွဲ့အနေဖြင့် ဤကွန်ရက်တွင် ပါဝင်နေသည့် အခြားအဖွဲ့ဝင်များကိုလည်း ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။

Source: Bangkok Post