ကလောင်ဆမ်ဝါတွင် Pigeon အမှတ်တံဆိပ် ကလေးနို့ဘူး အတု ၁,၀၀၀ ကျော် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကလောင်ဆမ်ဝါ (Khlong Sam Wa) ခရိုင်ရှိ ပို့ဆောင်ဆက်ကြောင်း (Shipping) ကုမ္ပဏီတစ်ခု၏ ကုန်လှောင်ရုံအတွင်း အွန်လိုင်းမှတစ်ဆင့် ပြန်လည်ရောင်းချရန် သိုလှောင်ထားသည့် နာမည်ကြီး Pigeon အမှတ်တံဆိပ် အတုပြုလုပ်ထားသော ကလေးနို့ဘူးနှင့် နို့သီးခေါင်း ၁,၁၅၀ ခုကို စီးပွားရေးပြစ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ECD/ECD Police) က အောက်တိုဘာ ၆ ရက်နေ့တွင် ဝင်ရောက်စီးနင်း သိမ်းဆည်းလိုက်ပါတယ်။

သာသနာရေးနှင့် စီးပွားရေးပြစ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူပိုင်ခွင့်ဌာနနှင့် Pigeon Corporation အမှတ်တံဆိပ် တရားဝင် ကိုယ်စားလှယ်များ ပူးပေါင်း၍ တရားရုံး ဝရမ်းဖြင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများ:

-Pigeon အမှတ်တံဆိပ် အတုပြုလုပ်ထားသည့် ကလေးနို့ဘူး ၄၀၀ ခု

-Pigeon အမှတ်တံဆိပ် အတုပြုလုပ်ထားသည့် ကလေးနို့သီးခေါင်း (Nipples) ၇၅၀ ခု (စုစုပေါင်း ၁,၁၅၀ ခု)။

ရုံစောင့်အဖြစ် ဆောင်ရွက်နေသည့် မစ်စ် ဖိချာယာဖတ် (Ms. Pichayapak) အား စစ်ဆေးခဲ့ရာ အဆိုပါနေရာမှာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ မောင်ဖြစ်သူ ကုန်လှောင်ရုံပိုင်ရှင်ထံသို့ ကုန်ပစ္စည်းများ သိမ်းဆည်းရန် လာရောက်ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် တာဝန်ရှိသူများကို ဥပဒေအတိုင်း အရေးယူနိုင်ရန် ဆက်လက် ဆင့်ခေါ်ထားသည်။

ရဲတပ်ဖွဲ့အကြီးအကဲများက အတုပြုလုပ်ထားသည့် ကလေးနို့ဘူးများနှင့် နို့သီးခေါင်းများသည် အရည်အသွေးမမီသော စက်ရုံသုံး ပလတ်စတစ်များနှင့် စံချိန်စံညွှန်းမမီသော ဒြပ်ပေါင်းများကို အသုံးပြုထားကြောင်း သတိပေးထားသည်။

အဆိုပါ နို့ဘူးများကို ရေနွေးစိမ်ခြင်း၊ ပေါင်းတင်ခြင်း သို့မဟုတ် နို့ပူပူထည့်ခြင်းများ ပြုလုပ်ပါက စက်ရုံသုံး ဓာတုဗေဒ အဆိပ်အတောက်များ နို့ရည်အတွင်းသို့ ပျော်ဝင်သွားပြီး ကလေးငယ်များ၏ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်း အသိပေးထားသည်။

အွန်လိုင်းမှတစ်ဆင့် ပုံမှန်စျေးထက် လွန်စွာသက်သာနေသည့် ကလေးသုံး ပစ္စည်းများကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် တရားဝင် ကိုယ်စားလှယ်ဆိုင်များတွင်သာ ဝယ်ယူကြရန် တိုက်တွန်းထားသည်။

Source;Thairath