အမေရိကန်က ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနှင့် နယ်စပ်တည်ငြိမ်ရေးအတွက် ဒေါ်လာ ၄၅ သန်း ကူညီမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုရန်အတွက် အမေရိကန်အစိုးရက ဒေါ်လာ ၄၅ သန်း ပေးအပ်မည်ဖြစ်ကြောင်း အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael DeSombre က သောကြာနေ့ (ဇန်နဝါရီလ ၉ ရက်) တွင် ပြောကြားခဲ့သည်။

ဒီကူညီမှုဟာ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အကောင်အထည်ဖော်ဖို့ဖြစ်သလို၊ အထူးသဖြင့် အမေရိကန်နိုင်ငံသားတွေကိုပါ ဒုက္ခပေးနေတဲ့ အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam centers) တွေကို တိုက်ဖျက်ဖို့အတွက်လည်း ရန်ပုံငွေ ဒေါ်လာ ၂၀ သန်းအထိ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့ စစ်ဘေးရှောင်တွေ ပြန်လည်အခြေချရေးအတွက်လည်း ပါဝင်တာကြောင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာပါတယ်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ၂၀ ရက်ကြာ ဖြစ်ပွားခဲ့သော နယ်စပ်တိုက်ပွဲများကြောင့် အနည်းဆုံး လူ ၁၀၁ ဦး သေဆုံးခဲ့ပြီး၊ နှစ်ဖက်စလုံးမှ လူပေါင်း ငါးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အဆိုပါ တိုက်ပွဲများအတွင်း တိုက်လေယာဉ်များ၊ ဒုံးကျည်များနှင့် အမြောက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့ပြီးနောက် ယခုအခါ ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက် (Kuala Lumpur Peace Accords) ဖြင့် အပစ်အခတ်ရပ်စဲထားခြင်း ဖြစ်သည်။

Source: Khaosod