ပတ္တယားတွင် ယာဉ်မောင်း အိပ်ငိုက်ပြီး မီးနီစောင့်နေသည့် ယာဉ်များကို ဝင်တိုက်မိရာ ၈ ဦး ဒဏ်ရာရ

ချွန်ဘူရီခရိုင်၊ ပတ္တယားမြို့တွင် လမ်းဆုံ မီးနီစောင့်နေသော မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို အသက် ၂၈ နှစ်အရွယ် ယာဉ်မောင်းသူက အိပ်ငိုက်ပြီး နောက်မှ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် လူ ၈ ဦး ဒဏ်ရာရရှိကာ ယာဉ် ၁၀ စီးနီးပါး ပျက်စီးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၁၉ ရက် (တနင်္လာနေ့) ညနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

တနင်္လာနေ့ ည ၁၁:၃၀ နာရီခန့်က ပတ္တယား-နာကလူးအာ လမ်းပေါ်ရှိ ဖိုသီဆန်း (Photisan) လမ်းဆုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် ဒန်းချိုင်း (Denchai) မောင်းနှင်လာသော မည်းနက်ရောင် Haval H6 အမျိုးအစား SUV ယာဉ်သည် မီးနီစောင့်နေသည့် ယာဉ်များကို အရှိန်မလျှော့ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။

တိုက်မိမှုကြောင့် လမ်းမပေါ်တွင် ယာဉ်အစိတ်အပိုင်းများ ပျံ့ကြဲသွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရသူ ၈ ဦးအား ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။ ယာဉ်တိုက်မှု ဖြစ်စေခဲ့သည့် ယာဉ်မောင်းမှာမူ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။

ရဲတပ်ဖွဲ့က ယာဉ်မောင်းအား အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးခဲ့ရာတွင် အရက်သောက်သုံးထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့သည် CCTV မှတ်တမ်းများကို အသေးစိတ် စစ်ဆေးနေပြီး ယာဉ်မောင်းနှင့် ထိခိုက်ခံရသူများကို မေးမြန်းကာ ဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်သည်။

Source;ThaiPBS