ပတ္တရားတွင် တရုတ်အမျိုးသမီးတစ်ဦးကို တိပ်ဖြင့်ပတ်၊ လုယက်ပြီး တိုက်မိထားသည့် မာစီးဒီးကားထဲတွင် ပစ်ထားခဲ့

ပတ္တရားမြို့၊ Nong Prue ရပ်ကွက်ရှိ Zensiri အိမ်ရာဝင်းတစ်ခု၏ နောက်ဘက်တွင် တိုက်မိထားသည့် မာစီးဒီးကားတစ်စီးအတွင်း တိပ်များဖြင့် အပတ်ခံထားရသော တရုတ်အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) မနက် ၁ နာရီခန့်တွင် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ လမ်းဘေးတွင် တိုက်မိထားသည့် မာစီးဒီး (Mercedes-Benz) ကားတစ်စီးကို တွေ့ရှိခဲ့သည်။ ကား၏ ရှေ့ခန်းထိုင်ခုံများ နောက်ဘက် ကြမ်းပြင်ပေါ်တွင် အသက် ၃၅ နှစ်အရွယ် တရုတ်အမျိုးသမီး Yang Wang ကို မျက်စိပိတ်၊ ပါးစပ်ပိတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို တိပ်များဖြင့် အပတ်ခံထားရလျက် တွေ့ရှိခဲ့ရသည်။

Photo Courtesy of Bangkok Post

ဒဏ်ရာရရှိထားသည့် အမျိုးသမီး၏ ပြောပြချက်အရ သူမသည် Gong Gaopeng (၃၀ နှစ်) အမည်ရှိ တရုတ်အမျိုးသားတစ်ဦးနှင့် WeChat မှတစ်ဆင့် သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်းအမျိုးသားက သူမကို အိမ်ရာဝင်းအတွင်းရှိ ရောင်းရန်ရှိသော အိမ်တစ်လုံးကို လိုက်ပြမည်ဟု အယုံသွင်းကာ လှည့်ဖြားခေါ်ဆောင်လာပြီးနောက် ယခုကဲ့သို့ လုယက်ကာ ချည်နှောင်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါ တရုတ်အမျိုးသားကို ဖမ်းဆီးနိုင်ရန်နှင့် ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် ဆက်လက်စုံစမ်း စစ်ဆေးနေပြီ ဖြစ်သည်။

Source: Bangkok Post