ထိုင်းနိုင်ငံတွင် Call Center ငွေလိမ်ဂိုဏ်းနှင့် ဆက်နွှယ်နေသည့် တရုတ်မိသားစုများမှ ကလေးများကို ထိုင်းနိုင်ငံသားအဖြစ် တရားမဝင် ပြောင်းလဲပေးရန်အတွက် ထိုင်းအမျိုးသားများ၊ ဆေးရုံဝန်ထမ်းနှင့် ခရိုင်အုပ်ချုပ်ရေးအရာရှိတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အကြီးစား နိုင်ငံသားဖြစ်ခွင့် လိမ်လည်မှုဂိုဏ်းကြီးတစ်ခုကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးလိုက်ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ဘတ် ဘီလီယံ ၇၀ ကျော် ငွေကြေးခဝါချမှု၊ ကောလ်စင်တာလိမ်လည်မှုများဖြင့် တရုတ်နိုင်ငံသား ချန်ရင်လောင်ကို ဖမ်းဆီးခဲ့ရာမှ ၎င်း၏ဇနီး ပေါင်ကျောင်း နှင့် ကလေး ၃ ဦးထံ ငွေလွှဲထားသည့် မှတ်တမ်းကို စစ်ဆေးမိခဲ့သည်။ ထိုအခါ မိဘနှစ်ဦးစလုံးမှာ တရုတ်နိုင်ငံသားဖြစ်သော်လည်း ကလေးများမှာ ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားသည်ကို ထူးခြားစွာ စစ်ဆေးတွေ့ရှိခဲ့ရသည်။
အဆိုပါတရုတ်လင်မယားသည် ထိုင်းအမျိုးသားတစ်ဦးကို ငွေပေးငှားရမ်းကာ ဇနီးဖြစ်သူနှင့် တရားဝင် အိမ်ထောင်ပြုစေခဲ့ပြီး၊ ၎င်းတရုတ်ကလေး ၃ ဦး၏ တရားဝင် “ထိုင်းဖခင်” အဖြစ် အမည်ခံစေခဲ့သည်။
ထွန်ဘူရီ ခရိုင်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ အမျိုးသမီးဝန်ထမ်းဖြစ်ပြီး၊ သူမသည် တရုတ်မိခင်များမှ မွေးဖွားလာသည့် ကလေးများအတွက် ထိုင်းအမျိုးသားများကို ဖခင်အတုအဖြစ် အသိအမှတ်ပြု လက်မှတ်ထိုးပေးရန် ပွဲစားလုပ်ပေးခဲ့သည်။ သူမက တစ်ကြိမ်လျှင် ဘတ် ၂၀,၀၀၀ နှုန်း တောင်းခံပြီး ထိုင်းအမျိုးသားများကို ဖြစ်စဉ်အလိုက် ဘတ် ၂,၀၀၀ မှ ၁၅,၀၀၀ အထိ ခွဲဝေပေးခဲ့သည်။
ထွန်ဘူရီ ခရိုင်ရုံးမှ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ မွေးဖွားမှုမှတ်ပုံတင်စာရင်းများကို တရားမဝင် ပြုပြင်ပေးခြင်းနှင့် ကလေးများ ထိုင်းနိုင်ငံသားရရှိစေရန် ရုံးပိုင်းဆိုင်ရာမှ ကူညီပေးခဲ့သည်။
အရပ်ဘက်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်ကို ကနဦးစစ်ဆေးချက်အရ နိုင်ငံခြားသူမိခင်နှင့် ထိုင်းဖခင်အတုများ ပတ်သက်နေသည့် အတုအယောင် မွေးစာရင်း ၆၂ ခု ကို ရှာဖွေတွေ့ရှိခဲ့ပြီး အနည်းဆုံး မွေးစာရင်း ၁၉ ခုမှာ ဥပဒေမဲ့ ထုတ်ပေးထားခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ တရားမဝင်ရရှိထားသည့် ထိုင်းနိုင်ငံသားဖြစ်ခွင့်များကို ပြန်လည်ရုပ်သိမ်းရန် ညွှန်ကြားထားသည်။
လက်ရှိအချိန်အထိ လိမ်လည်မှုတွင် ပါဝင်သည့် ထိုင်းအမျိုးသား ၁၇ ဦး၊ တရုတ်အမျိုးသမီး ၁၆ ဦးနှင့် အကျင့်ပျက်ဝန်ထမ်း ၂ ဦး (စုစုပေါင်း ၃၅ ဦး) ကို ဖမ်းဆီးထားပြီး ကွင်းဆက်များကို ဆက်လက်စုံစမ်းနေသည်။
Source;Thaiger
