အမြွှာညီအစ်ကိုနှင့် လက်တွဲနေသည့် ထိုင်းအမျိုးသမီး၏ အချစ်ဇာတ်လမ်း လူမှုကွန်ရက်တွင် ဟိုးလေးတကျော်ဖြစ်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က တင်ခဲ့သော TikTok ဗီဒီယိုတစ်ခုတွင် ရုပ်ချင်းဆင်တူလွန်းသည့် အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦးကို မွေးနေ့လက်ဆောင် ကိတ်မုန့်ဖြင့် အံ့အားသင့်အောင်လုပ်ပြီး သူမ၏ ပါးကို တစ်လှည့်စီ နမ်းခဲ့ကြသည့် ဖြစ်ရပ်ကြောင့် အွန်လိုင်းအသုံးပြုသူများအကြား ဝေဖန်ဆွေးနွေးမှုများ ပြင်းထန်ခဲ့သည်။

“ဖာ” (Fah) ဟု အမည်ရသော အဆိုပါအမျိုးသမီးသည် ရည်းစားမရှိဘဲ တစ်ကိုယ်တည်းဖြစ်နေချိန်တွင် ဤအမြွှာညီအစ်ကိုနှစ်ဦးက သူမကို တစ်ပြိုင်တည်း ချဉ်းကပ်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့ သုံးဦးစလုံးသည် တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြသဖြင့် သုံးဦးသဘောတူ (Consensual) လက်တွဲရန် ဆုံးဖြတ်ခဲ့ကြပြီး ယခုအခါ အတူတူနေထိုင်လာသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ အံ့အားသင့်စရာကောင်းသည်မှာ ဖာ၏ မိသားစုနှင့် အမျိုးသားနှစ်ဦး၏ မိသားစုများကလည်း ဤပတ်သက်မှုကို သိရှိပြီး လက်ခံပေးထားကြခြင်း ဖြစ်သည်။

Photo Courtesy of Khaosod

၎င်းတို့ သုံးဦးသည် အိမ်ထောင်စုတစ်ခုတည်းအဖြစ် အတူတူနေထိုင်ကြသည်။ အမြွှာညီအစ်ကိုနှစ်ဦးစလုံးက အလုပ်လုပ်ပြီး ဝင်ငွေရှာကြသည်။ရရှိလာသော ဝင်ငွေအားလုံးကို ဇနီးဖြစ်သူ “ဖာ” ကပင် အိမ်စရိတ်နှင့် အနာဂတ်အတွက် စနစ်တကျ စီမံခန့်ခွဲပေးသည်။

အွန်လိုင်းမှ မေးခွန်းများအပေါ် ဖာက ပြတ်ပြတ်သားသား ဖြေကြားခဲ့သည်မှာ ကလေးရလာပါက DNA စစ်ဆေးမှု ပြုလုပ်ပြီး ဖခင်ရင်းအမည်ကို မွေးစာရင်းတွင် မှန်ကန်စွာ ထည့်သွင်းမည်ဖြစ်သည်။ သို့သော် ကလေးအနေဖြင့် အမျိုးသားနှစ်ဦးစလုံးကို “ဖေဖေ” ဟုသာ ခေါ်ဆိုစေမည်ဖြစ်ကြောင်း ဆိုသည်။

ဤသတင်းသည် ထိုင်းလူမှုကွန်ရက်တွင် ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခုအဖြစ် ဆက်လက်ရေပန်းစားနေပြီး၊ အချို့ကလည်း ၎င်းတို့၏ ပွင့်လင်းမြင်သာမှုကို ထောက်ခံကြသလို၊ အချို့ကလည်း စပ်စုချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။

Source: Khaosod