၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ည ၁၁ နာရီခွဲခန့်တွင် အန်ထောင်ခရိုင်ရှိ အာရှလမ်းမကြီး (Highway 32) ပေါ်၌ အဝေးပြေးရဲတပ်ဖွဲ့နှင့် လဝကအရာရှိများ ပူးပေါင်းကာ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးခဲ့သည်။
အဝေးပြေးရဲတပ်ဖွဲ့သည် မသင်္ကာဖွယ်ရာ အရှိန်ပြင်းစွာ မောင်းနှင်နေပြီး မှန်အမည်းများ တပ်ဆင်ထားသည့် Toyota Revoပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ ကားအတွင်းနှင့် နောက်ခန်းများတွင် ပုန်းအောင်းလိုက်ပါလာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၂၂ ဦး (ကျား/မ) ကို တွေ့ရှိခဲ့သည်။ကားမောင်းသူနှင့် ပို့ဆောင်ပေးသူများအဖြစ် မကမ်လာ (၂၁ နှစ်)၊ မောင်အာချန် (၂၉ နှစ်) နှင့် မြန်မာနိုင်ငံသား မောင်ချိုင်းခမ်း (၂၃ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့သည် “Korling” အမည်ရှိ ပွဲစားက Line အက်ပ်မှတစ်ဆင့် ခိုင်းစေသဖြင့် ချင်းရိုင်မှ ပထုံဌာနီသို့ ပို့ဆောင်ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၃,၀၀၀ မှ ၃,၅၀၀ အထိ ရရှိကြောင်း ဝန်ခံခဲ့သည်။၎င်းတို့သည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မှတစ်ဆင့် လှေဖြင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး အလုပ်အကိုင်ရရှိရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၃,၀၀၀ ခန့် ပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
အဖမ်းခံရသူအားလုံးကို ချိုင်ယို (Chaiyo) ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အမှုဖွင့်လှစ်နေစဉ်အတွင်း ထူးခြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။အဝေးပြေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ Sgt. Maj. Wichai Tamsamai ၏ မွေးနေ့ဖြစ်နေသဖြင့် လုပ်ဖော်ကိုင်ဖက်များက ကိတ်မုန့်ဖြင့် အံ့အားသင့်အောင် ပြုလုပ်ခဲ့ရာ၊ အချုပ်ခန်းနားတွင် ရှိနေသည့် မြန်မာလုပ်သားများကပါ လက်ခုပ်တီးပြီး မွေးနေ့သီချင်း (Happy Birthday) ကို ပျော်ပျော်ပါးပါး ဝိုင်းဝန်းသီဆိုပေးခဲ့ကြသည်။
လက်ရှိတွင် သယ်ဆောင်လာသူ ၃ ဦးကို တရားမဝင်လုပ်သားများအား ဝှက်ပေးမှုဖြင့် အမှုဖွင့်ထားပြီး၊ မြန်မာလုပ်သား ၂၂ ဦးကိုမူ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဥပဒေအရ အရေးယူကာ နေရပ်ပြန်ပို့ရန် စီစဉ်လျက်ရှိသည်။
Source: Khaosod
