၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် ည ၉ နာရီခန့်တွင် ဘန်ကောက်မြို့၊ ကလောင်တိုယေရှိ ၇ ထပ်ပါ ကားပါကင်အဆောက်အအုံတစ်ခုတွင် ထိတ်လန့်ဖွယ်ရာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မီးခိုးရောင် Toyota Corolla Cross အမျိုးအစား SUV ကားသည် ၃ ထပ်ရှိ ကွန်ကရစ်နံရံကို ဝင်တိုက်ကာ အပြင်သို့ ထိုးထွက်သွားခဲ့သည်။ ကား၏ ရှေ့ဘီးနှစ်ဘီးမှာ အပြင်ဘက်တွင် တွဲလောင်းကျနေပြီး နောက်ဘီးများမှာ သံလက်ရန်းနှင့် ငြိနေခဲ့သဖြင့် မြေပြင်သို့ ပြုတ်မကျဘဲ တင်ကျန်နေခဲ့ခြင်း ဖြစ်သည်။ယာဉ်မောင်းဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ထဝီး (Thaweep) နှင့် အတူလိုက်ပါလာသူ အမျိုးသားတို့မှာ ဒဏ်ရာအပြင်းအထန် မရရှိခဲ့ဘဲ ကျန်းမာရေးစစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ထားသည်။

သူမသည် အိမ်ပြန်ရန် ကားစက်နှိုးပြီးနောက် နောက်ခန်းရှိ ပစ္စည်းတစ်ခုကို လှည့်ယူခဲ့သည်။ ထိုသို့လှည့်ယူစဉ် ခြေထောက်ကို ဘရိတ်ပေါ်တင်ရန် ကြိုးစားရာမှ မှားယွင်းကာ ကားမှာ နံရံကို ဝင်တိုက်ပြီး အပြင်သို့ ထိုးထွက်သွားခဲ့ခြင်း ဖြစ်သည်။
Por Teck Tung ကယ်ဆယ်ရေးအဖွဲ့သည် အခင်းဖြစ်နေရာသို့ ချက်ချင်းရောက်ရှိလာပြီး ကားပြုတ်မကျစေရန် ကြိုးများ၊ အထူးပစ္စည်းများဖြင့် အရင်ဆုံး ဆွဲထိန်းခဲ့ရသည်။ ထို့နောက် အဆင့်မြင့် စက်ကိရိယာများ အသုံးပြုကာ ပျက်စီးသွားသော SUV ကားကို ဘေးကင်းစွာ ပြန်လည်ဖယ်ရှားနိုင်ခဲ့သည်။
ဘန်ကောက်တွင် ယခုကဲ့သို့ ကားပါကင်ပေါ်မှ ပြုတ်ကျသည့် ဖြစ်စဉ်မျိုး ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင်လည်း ဆေးရုံနှင့် အခြားအဆောက်အအုံများ၌ ဖြစ်ပွားခဲ့ဖူးသည်။
Source: Thaiger
