ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် လက်ရှိတွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆင်ဖြူတော် (Chang Thai) တံဆိပ် တိုင်းရင်းဆေးရှူဆေးနှင့် ပတ်သက်၍ အများပြည်သူသို့ အရေးပေါ် သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါသည်။
အဆိုပါ ဆင်ဖြူတော် တံဆိပ် ၂ ဂရမ်ပါ ရှူဆေးအား စစ်ဆေးရာတွင် ထုပ်ပိုးမှုပေါ်၌ ဖော်ပြထားသော မှတ်ပုံတင်အမှတ် ဂျီ ၅၀၈/၆၈ သည် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် အခြားသော ကုန်ပစ္စည်းတစ်ခု၏ မှတ်ပုံတင်နံပါတ်ကို အသုံးပြု၍ လိမ်လည်ရောင်းချနေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် လူမှုကွန်ရက် စာမျက်နှာများပေါ်၌ အဆိုပါ ထုတ်ကုန်အား ကြော်ငြာခွင့်လိုင်စင် မရှိဘဲ မူးဝေခြင်းနှင့် နုံးချိခြင်းတို့ကို ပျောက်ကင်းစေကြောင်း အထောက်အထားမဲ့ ရေးသားကာ ရောင်းချနေခြင်းကြောင့် တာဝန်ရှိသူများက ဥပဒေအရ အရေးယူရန် ဆောင်ရွက်လျက် ရှိပါသည်။
အလားတူပင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း လူကြိုက်များသည့် (Hong Thai Formula 2) ရှူဆေးများတွင် ဘက်တီးရီးယားနှင့် မှိုပိုးမွှားများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ဆေးပညာသိပ္ပံဦးစီးဌာန၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၎င်းရှူဆေးများသည် အရည်အသွေး စံချိန်စံညွှန်း မပြည့်မီခြင်းကြောင့် အသုံးပြုသူများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ပြီး ကိုယ်ခံအားနည်းသူများအတွက် ပိုမိုအန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များကို ဝယ်ယူရာတွင် တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကို အထူးဂရုပြု စစ်ဆေးကြရန်နှင့် သံသယဖြစ်ဖွယ် အချက်အလက်များ ရှိပါက အက်ဖ်ဒီအေ၏ ဖုန်းနံပါတ် ၁၅၅၆ သို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။
Source: The Thaiger
