လေယာဉ်ဆီဈေး မြင့်တက်မှုကြောင့် Thai AirAsia နိုင်ငံတကာခရီးစဉ် ၉ ခု ယာယီရပ်နား

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့လေယာဉ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့်အတူ Thai AirAsia လေကြောင်းလိုင်းသည် ၂၀၂၆ ခုနှစ်၊ နွေရာသီခရီးစဉ်အချို့ကို ယာယီရပ်နားပြီး လေကြောင်းဝန်ဆောင်မှုအချို့ကို လျှော့ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယာယီရပ်နားမည့် အဓိကလမ်းကြောင်းများမှာ –

Singapore, Hong Kong, Denpasar (Bali): မေလလယ်မှ ဇွန်လကုန်အထိ။

Kuala Lumpur, Kathmandu, Ahmedabad, Guwahati, Jaipur and Lucknow: ဧပြီလကုန်မှ အောက်တိုဘာလကုန်အထိ။

လက်ရှိတွင် လေယာဉ်ဆီ (Jet A-1) ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၄၀ ကျော်အထိ မြင့်တက်လာပြီး ယခင်ကထက် ၂ ဆမှ ၃ ဆခန့် ပိုမိုကုန်ကျနေခြင်းဖြစ်သည်။ လောင်စာဆီကုန်ကျစရိတ်မှာ စုစုပေါင်းလည်ပတ်မှုစရိတ်၏ ၃၀% ကျော်ရှိနေသဖြင့် ယခုကဲ့သို့ ခရီးစဉ်များကို ထိန်းညှိရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူပင် Thai Airways လေကြောင်းလိုင်းသည်လည်း ခရီးသွားဝယ်လိုအား ကျဆင်းမှုနှင့် လောင်စာဆီဈေးနှုန်းများကြောင့် မေလ ၁ ရက်နေ့မှစ၍ ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ်အချို့ကို လျှော့ချပြေးဆွဲသွားမည်ဖြစ်သည်။

ခရီးသွားများအတွက် အကြံပြုချက်:

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Thai AirAsia X ၏ အိုဆာကာခရီးစဉ်များ ကြိုတင်အကြောင်းမကြားဘဲ ဖျက်သိမ်းခံရမှုကြောင့် ခရီးသည်များ၏ ဝေဖန်မှုများရှိခဲ့သည်။ သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း ခရီးသွားရန် ပြင်ဆင်နေသူများအနေဖြင့် မိမိတို့၏ ခရီးစဉ်အခြေအနေနှင့် ပျံသန်းမည့်အချိန်ဇယားများကို လေကြောင်းလိုင်း၏ ဝဘ်ဆိုဒ်နှင့် App များတွင် အမြဲမပြတ် စစ်ဆေးထားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Source; Thaiger