ထိုင်းလေဆိပ်ဝန်ဆောင်ခ ၅၃% အထိ တိုးမြှင့်ရန် ပြင်ဆင်နေ

ထိုင်းနိုင်ငံ လေဆိပ်များ အာဏာပိုင်အဖွဲ့ AOT ဟာ ပြည်ပထွက်ခွာမယ့် နိုင်ငံတကာခရီးသည်တွေဆီက ကောက်ခံနေတဲ့ လေဆိပ်ဝန်ဆောင်ခကို ၅၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်နေပါတယ်။

AOT ဥက္ကဋ္ဌ မစ္စ ပါဝီနာရဲ့ ပြောကြားချက်အရ လက်ရှိမှာ ၇၃၀ ဘတ် ကောက်ခံနေရာကနေ ၁,၁၂၀ ဘတ်အထိ ပြောင်းလဲကောက်ခံမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက် အပါအဝင် အဓိက လေဆိပ်ကြီး ၆ ခုမှာ ကျင့်သုံးသွားမှာဖြစ်ပြီး ပြည်တွင်းခရီးစဉ်တွေအတွက်တော့ အပြောင်းအလဲ ရှိမှာမဟုတ်ပါဘူး။

ဒီလိုဝန်ဆောင်ခ တိုးမြှင့်ခြင်းအားဖြင့် တစ်နှစ်ကို အပိုဆောင်းဝင်ငွေ ဘတ် ၁၀ ဘီလီယံလောက် ရရှိမှာဖြစ်ပြီး လေဆိပ်လုံခြုံရေးစနစ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ရာမှာ အသုံးပြုသွားမှာပါ။ AOT ဥက္ကဋ္ဌကတော့ လေဆိပ်ခ တိုးမြှင့်လိုက်တာဟာ ခရီးသွားတွေရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

လက်ရှိမှာတော့ ဒီအစီအစဉ်ကို မူအားဖြင့် သဘောတူထားပြီးဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် မေလအတွင်း အထွေထွေရွေးကောက်ပွဲအပြီးမှာ သယ်ယူပို့ဆောင်ရေးဝန်ကြီးရဲ့ နောက်ဆုံးအတည်ပြုချက်နဲ့အတူ စတင်အကောင်အထည်ဖော်သွားဖို့ မျှော်မှန်းထားပါတယ်။

Source: Bangkok Post