ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chon Buri) ခရိုင်နှင့် ပတ္တရား (Pattaya) မြို့တို့တွင် ထိုင်းနိုင်ငံသား နိုမီနီ (Nominee) များ အသုံးပြုကာ တရားမဝင် ဟိုတယ်နှင့် ကွန်ဒိုမီနီယံ အိမ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိရသည့် အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ပါဝင်ပတ်သက်သူ ထိုင်းနိုင်ငံသားများအား အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (DSI) က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်လိုက်ကြောင်း စက်တင်ဘာ ၈ ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်ဗျာ။
အစ္စရေး နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် မိုင်မွန် ဒေးဗစ် မာစီယာနို (Maimon David Marsiano) နှင့် ပါဝင်ပတ်သက်သူ ထိုင်းနိုင်ငံသား နိုမီနီများ ဖြစ်ကြသည်။
သြဂုတ်လ ၂၁ ရက်နေ့က DSI တပ်ဖွဲ့သည် ပတ္တရားနှင့် ချွန်ဘူရီရှိ နေရာ ၃ ခုအား စီးနင်းစစ်ဆေးခဲ့သည်။ ထိုနေရာများတွင် KT International Law and Business ဥပဒေရေးရာနှင့် စီးပွားရေးအကြံပေးအဖွဲ့၊ Cozy Beach View ကွန်ဒိုမီနီယံ ကုမ္ပဏီနှင့် Lotus Paradise Development ဟိုတယ်လုပ်ငန်းတို့ ပါဝင်သည်။
DSI ၏ စုံစမ်းစစ်ဆေးချက်အရ ဥပဒေအကြံပေး ကုမ္ပဏီ၏ ဝန်ထမ်းများအား အစုရှယ်ယာရှင်များအဖြစ် တရားဝင် စာရင်းသွင်းထားပြီး၊ ဥပဒေအရ လိုအပ်သော ထိုင်းနိုင်ငံသား ရှယ်ယာရာခိုင်နှုန်း ပမာဏပြည့်မီစေရန် မသမာသော နည်းလမ်းဖြင့် ခွဲဝေထားကြောင်း တွေ့ရှိခဲ့ရသည်။
DSI က အဆိုပါ အစုရှယ်ယာ ခွဲဝေမှုစနစ်မှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင် မာစီယာနို ၏ အမှန်တကယ် ပိုင်ဆိုင်မှုကို ဖုံးကွယ်ရန်အတွက် ထိုင်းနိုင်ငံသား ဝန်ထမ်းများကို နိုမီနီ (Nominee) အဖြစ် ဟန်ပြအသုံးပြုထားခြင်းဖြစ်သည်ဟု သံသယရှိထားသည်။
စီးနင်းစစ်ဆေးစဉ်အတွင်း သိမ်းဆည်းရမိခဲ့သော စာရွက်စာတမ်းများ၊ အီလက်ထရောနစ် ပစ္စည်းများနှင့် သက်သေခံချက်များကို စိစစ်ပြီးနောက် တရားခံများကို တရားဝင် စစ်ဆေးမေးမြန်းနိုင်ရေး ဆင့်ခေါ်စာ ပေးပို့ထားပြီး ထိုင်းနိုင်ငံသားများအနေဖြင့်လည်း နိုင်ငံခြားသားများအတွက် တရားမဝင် နိုမီနီ လုပ်ပေးခြင်းမှ ရှောင်ကြဉ်ကြရန် DSI က သတိပေးထားသည်။
Source;Thaiger
