ဇန်နဝါရီ ၃၀ ရက်နေ့က ဖူးခက်၊ ပါတောင်းတောင်တက်လမ်းပေါ်တွင် မောင်းနှင်နေသော တုတ်တုတ်ကားနောက်ခန်း၌ ကာမစပ်ယှက်ခဲ့သည့် ဗီဒီယိုဖိုင် ပြန့်နှံ့သွားပြီးနောက်၊ အဆိုပါ ပြင်သစ်နိုင်ငံသား စုံတွဲအား ထိုင်းလူဝင်မှုကြီးကြပ်ရေးက ထိရောက်စွာ အရေးယူလိုက်ပြီ ဖြစ်သည်။
လူမြင်ကွင်းတွင် မဖွယ်မရာ ပြုမူမှုကြောင့် တစ်ဦးလျှင် ဘတ် ၅,၀၀၀ စီ ဒဏ်ငွေ ရိုက်ခံခဲ့ရသည်။ ၎င်းတို့၏ ပြုမူချက်သည် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် ပြည်သူ့ကိုယ်ကျင့်တရားကို စော်ကားရာရောက်ပြီး၊ ကမ္ဘာကျော်ခရီးသွားမြို့တော် ဖူးခက်၏ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေသည်ဟု ဆုံးဖြတ်ကာ ဗီဇာကို ချက်ချင်း ပယ်ဖျက်လိုက်သည်။၎င်းတို့နှစ်ဦးကို Blacklist သွင်းလိုက်သည့်အတွက် နောက်နောင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ရတော့မည်မဟုတ်ပေ။
ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ တရားခံများဖြစ်သည့် Mr. Wesley နှင့် Ms. Valen တို့ကို ဟိုတယ်နှစ်ခုတွင် ခွဲခြားရှာဖွေတွေ့ရှိခဲ့သည်။Mr. Wesleyအား သလန်း (Thalang) ခရိုင်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းမိခဲ့ပြီး Ms. Valen ကို ဖူးခက်မြို့တွင်းရှိ ဟိုတယ်တစ်ခုတွင် ဖမ်းမိသည်။
၎င်းတို့နှစ်ဦးစလုံးကို ဖူးခက်လူဝင်မှုကြီးကြပ်ရေးရုံးသို့ ခေါ်ဆောင်ကာ ဗီဇာပယ်ဖျက်ကြောင်း အကြောင်းကြားခဲ့ပြီး၊ ဥပဒေနှင့်အညီ ပြည်နှင်ဒဏ်ပေးရန် စီစဉ်နေပြီဖြစ်သည်။
ဖူးခက် လူဝင်မှုကြီးကြပ်ရေးမှူး Pol Col Khemchat Watthanaphakasem က ဤလုပ်ဆောင်ချက်သည် ထိုင်းနိုင်ငံအတွင်း လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများအနေဖြင့် ဒေသန္တရဥပဒေနှင့် ယဉ်ကျေးမှုကို လေးစားလိုက်နာရန် လိုအပ်ကြောင်း ပြတ်ပြတ်သားသား ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ စနစ်တကျ လိုက်နာသူများကို ကြိုဆိုသော်လည်း၊ အများပြည်သူ လုံခြုံရေးနှင့် ပုံရိပ်ကို ထိခိုက်စေသူများကို ဆက်လက် တင်းကျပ်သွားမည်ဟု ပြောကြားခဲ့သည်။
Source;Bangkok Post
