ထိုင်းနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကမ္ဘာ့အဆင့် ၈ ချိတ်ပြီး အာဆီယံတွင် နံပါတ် ၁ နေရာဖြင့် စံချိန်တင်ရပ်တည်

ကမ္ဘာလုံးဆိုင်ရာ လူနေမှုဘဝအရည်အသွေး အချက်အလက်ဝဘ်ဆိုက်တစ်ခုဖြစ်သော Numbeo ၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ် (World’s Best Healthcare Systems 2026) အညွှန်းကိန်းထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသည် ရမှတ် ၇၇.၅ မှတ်ဖြင့် ကမ္ဘာ့အဆင့် ၈ နေရာကို ဆွတ်ခူးနိုင်ခဲ့ပြီး အရှေ့တောင်အာရှ (အာဆီယံ) တွင် ထိပ်ဆုံးနံပါတ် ၁ အဖြစ် စံချိန်တင် ရပ်တည်နိုင်ခဲ့ပါတယ်။

ဤအဆင့်သတ်မှတ်ချက်သည် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏ အရည်အချင်း၊ ခေတ်မီဆေးပစ္စည်းကိရိယာ၊ ဝန်ဆောင်မှုစနစ်နှင့် သင့်တင့်မျှတသော ဆေးဝါးကုသစရိတ် (Reasonable prices) စသည့် အချက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး ဥရောပရှိ နာမည်ကြီး နိုင်ငံအချို့ထက်ပင် ကျန်းမာရေးစနစ် ပိုမိုသာလွန်ကောင်းမွန်ကြောင်း ပြသနေသည်။

📊 ၂၀၂၆ ခုနှစ် ကမ္ဘာ့နှင့် အာဆီယံ ကျန်းမာရေးအကောင်းဆုံး ထိပ်တန်းနိုင်ငံများ

ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံ:

  1. ထိုင်ဝမ် — ၈၇.၁ မှတ်
  2. တောင်ကိုရီးယား — ၈၂.၉ မှတ်
  3. နယ်သာလန် — ၈၁.၅ မှတ်
  4. ဂျပန် — ၈၀.၁ မှတ်
  5. ဩစတြီးယား — ၇၈.၉ မှတ်
  6. အီကွေဒေါ — ၇၇.၇ မှတ်
  7. ဖင်လန် — ၇၇.၆ မှတ်
  8. ထိုင်းနိုင်ငံ — ၇၇.၅ မှတ်
  9. ဒိန်းမတ် — ၇၇.၂ မှတ်
  10. စပိန် — ၇၇.၂ မှတ်

အရှေ့တောင်အာရှ (အာဆီယံ) အဆင့်ဆင့်:

၁။ ထိုင်း (၇၇.၅ မှတ်) 

၂။ စင်ကာပူ (၇၁.၉ မှတ်) 

၃။ မလေးရှား (၇၀.၇ မှတ်) 

၄။ ဖိလစ်ပိုင် (၆၆.၈ မှတ်) 

၅။ ဗီယက်နမ် (၆၂.၂ မှတ်) 

၆။ အင်ဒိုနီးရှား (၆၁.၂ မှတ်) 

၇။ ကမ္ဘောဒီးယား (၅၁.၆ မှတ်)

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဖတ်ထနာ (Pattana Promphat) က ၎င်းတို့၏ ကျန်းမာရေးစနစ်ကို နိုင်ငံတကာစံနှုန်းမီစေရန် “MOPH PLUS+” ဟုခေါ်သည့် မဟာဗျူဟာမဏ္ဍိုင် ၇ ရပ်ဖြင့် ဆက်လက်မောင်းနှင်သွားမည်ဟု ဆိုသည်။

▪️မဏ္ဍိုင် ၁ (ဘဝတစ်လျှောက်လုံး ကျန်းမာရေး): အခြေခံစောင့်ရှောက်မှု အားကောင်းစေရန်၊ ကျန်းမာရေးဒေတာများကို စနစ်တကျချိတ်ဆက်ရန်နှင့် သက်ကြီးရွယ်အို/အခြေခံလူတန်းစားများကို ကာကွယ်ရန်။

▪️မဏ္ဍိုင် ၂ (စမတ်ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှု): ရောဂါရှာဖွေကုသမှု ပိုမိုတိကျစေရန် စက်ရုပ်များ (Robots)၊ AI နည်းပညာနှင့် မျိုးရိုးဗီဇဆိုင်ရာ ဆေးပညာ (Genomic medicine) များကို သုံးစွဲရန်။

▪️မဏ္ဍိုင် ၃ (ကျန်းမာရေးစီးပွားရေး): တိုင်းရင်းဆေးဘက်ဝင်အပင်များနှင့် ဆေးဘက်ဆိုင်ရာ ဆေးခြောက် (Medical cannabis) တို့ကို ကမ္ဘာ့စျေးကွက်သို့ စံချိန်မီ တွန်းအားပေးရန်။

▪️မဏ္ဍိုင် ၄ (ပွင့်လင်းမြင်သာမှုနှင့် အကျပ်အတည်းပြင်ဆင်မှု): တရားမဝင်ရွှေ့ပြောင်းလုပ်သားများအထိ ကျန်းမာရေးအာမခံ လွှမ်းခြုံနိုင်စေရန်နှင့် နိုင်ငံတွင်း ဆေးဝါး၊ ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ရန်။

▪️မဏ္ဍိုင် ၅ (ဝန်ဆောင်မှုအရည်အသွေးမြင့် ကာဗွန်အခြေပြုဆေးရုံများ): အထူးကုစင်တာများ အဆင့်မြှင့်တင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းသော Green Hospitals များ ဖန်တီးရန်။

▪️မဏ္ဍိုင် ၆ (ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စောင့်ရှောက်မှု): ကျန်းမာရေးဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ အလုပ်အကိုင်လုံခြုံရေးနှင့် မျှတသော ခံစားခွင့်များ ပေးအပ်ရန်။

▪️မဏ္ဍိုင် ၇ (နိုင်ငံတကာစံနှုန်းမီ ကျန်းမာရေးစနစ်): စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) သို့ ဝင်ရောက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကုန်သွယ်မှု မြှင့်တင်ရန်။

Source;The Nation