ထိုင်းနိုင်ငံ၊စမွတ်စာခွန် (Samut Sakhon) ခရိုင်အတွင်းရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ ကုန်တင်နောက်တွဲကားတစ်စီးပေါ်ကနေ ဧရာမသံဘောင်ကြီး ပြုတ်ကျခဲ့တာကြောင့် ခရီးသွားပြည်သူတွေကြား ထိတ်လန့်တုန်လှုပ်မှုနဲ့ လမ်းပိတ်ဆို့မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
ဧပြီလ ၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ စမွတ်စာခွန်ခရိုင်၊ ဘန်သိုရတ် (Bang Thorat) ရပ်ကွက်ရှိ ဝပ်ဘန်နမ်ဝန် (Wat Bang Nam Won) ကျောင်းအနားက ရာမ ၂ လမ်းမကြီး၊ တောင်ဘက်အထွက် လမ်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ရာ့ချ်ဘူရီ (Ratchaburi) လိုင်စင်နဲ့ နောက်တွဲယာဉ်မောင်းဖြစ်သူ ဦးဘွန်နမ် (Boonnam) က ကြော်ငြာဆိုင်းဘုတ်အဟောင်း သံဘောင်တွေကို တင်ဆောင်မောင်းနှင်လာစဉ် အဆိုပါသံဘောင်ကြီးဟာ လူကူးဂုံးကျော်တံတားကို သွားရောက်ရိုက်မိရာကနေ လမ်းပေါ်ကို ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
သံဘောင်ကြီးဟာ လမ်းရဲ့ ဘယ်ဘက် ၂ လမ်းကို ပိတ်ဆို့သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီဖြစ်စဉ်အတွင်းမှာ တခြားယာဉ်တိုက်မှု ဒါမှမဟုတ် လူထိခိုက်ဒဏ်ရာရမှုမျိုး မရှိခဲ့ပါဘူး။ ဘန်သိုရတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လမ်းဦးစီးဌာန တာဝန်ရှိသူတွေဟာ စက်ယန္တရားကြီးတွေအသုံးပြုပြီး အဆိုပါသံဘောင်ကို ဖယ်ရှားခဲ့ရာ မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့ပါတယ်။
နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာတော့ လမ်းပေါ်က အပျက်အစီးတွေကို ရှင်းလင်းပြီးစီးသွားပြီဖြစ်လို့ ယာဉ်ကြောအားလုံး ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီ ဖြစ်ပါတယ်။
Source; Khaosod English
