ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအထက်ပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ဖြတ်သန်းနေတာကြောင့် နေ့ခင်းဘက်မှာ အလွန်အမင်း ပူပြင်းနေမှာ ဖြစ်ပါတယ်။
ဒါဟာ ရိုးရိုးအပူချိန်မဟုတ်ဘဲ စိုထိုင်းဆနဲ့ပေါင်းစပ်လိုက်ရင် လူ့ခန္ဓာကိုယ်က တကယ်ခံစားရမယ့် အပူချိန်ဖြစ်ပြီး အခုအခါမှာတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ “အန္တရာယ်ရှိအဆင့်” ကို ရောက်နေတာ ဖြစ်ပါတယ်။ အများပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ်အခြေအနေကို ဂရုတစိုက် စောင့်ကြည့်ကြဖို့နဲ့ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်းသူတွေမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ မူးဝေတာမျိုး ဖြစ်လာရင် ဆေးကုသမှု ချက်ချင်းခံယူကြဖို့ တိုက်တွန်းထားပါတယ်။

အလွန်အမင်း ပူပြင်းနေပေမဲ့ နေရာကွက်ကျား မိုးသက်လေပြင်း တိုက်ခတ်တာမျိုး ရှိနိုင်တာကြောင့် အပြင်ထွက်ရင် သစ်ပင်ကြီးတွေနဲ့ ခိုင်ခံ့မှုမရှိတဲ့ ဆိုင်းဘုတ်တွေအနီး သွားလာတာကို ရှောင်ကြဉ်ကြဖို့ သတိပေးထားပါတယ်။ ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း (အီးစန်) ဒေသတွေမှာတော့ အပူဒဏ်အပြင် လေထုညစ်ညမ်းမှု (PM2.5) အဆင့်ကလည်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နဲ့ ဧပြီ ၁ ရက်အတွင်းမှာ မြန်မာနိုင်ငံအတွင်း အင်အား ၂.၁ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု မရှိခဲ့ဘူးလို့ အတည်ပြုထားပါတယ်။
Source;Thaiger
