မြန်မာလူလတ်တန်းစား များကြောင့် Chiang Mai စီးပွားရေး ပုံရိပ်ပြောင်းလဲလာ

မြန်မာလူလတ်တန်းစားများ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် ချင်းမိုင်မြို့စီးပွားရေး သိသိသာသာ နိုးကြားလာကြောင်း Surin Pitsuwan Foundation ၏ နောက်ဆုံးထုတ်ပြန်သည့် သုတေသနအစီရင်ခံစာအရ သိရပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံမှ ပညာတတ်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် လူငယ်အစုအဖွဲ့များသည် ချင်းမိုင်မြို့သို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းအခြေချလာကြရာ ၂၀၂၅ ခုနှစ်လယ်အထိ အနည်းဆုံး လူဦးရေ ၆,၀၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။ အဆိုပါ ရွှေ့ပြောင်းလာသူများသည် အခြေခံအလုပ်သမားများမဟုတ်ဘဲ ခိုင်မာသော ငွေကြေးအရင်းအနှီးနှင့် နည်းပညာကျွမ်းကျင်မှုများကို ယူဆောင်လာကြသူများဖြစ်ရာ ချင်းမိုင်မြို့၏ စားသုံးမှုကဏ္ဍတွင် အဓိက အင်အားစုသစ်များ ဖြစ်လာခဲ့ပါတယ်။

သုတေသနအချက်အလက်များအရ မြန်မာနိုင်ငံသားပိုင် စားသောက်ဆိုင်နှင့် ဝန်ဆောင်မှုလုပ်ငန်းသစ်ပေါင်း ၁၁၀ ကျော် ပေါ်ပေါက်လာပြီး ယင်းလုပ်ငန်းများ၏ လည်ပတ်မှုစရိတ် ၉၅ ရာခိုင်နှုန်းကျော်မှာ ထိုင်းနိုင်ငံအတွင်းသို့သာ ပြန်လည်စီးဝင်နေကြောင်း သိရပါတယ်။ ထို့ပြင် ပုဂ္ဂလိကဆေးရုံများရှိ နိုင်ငံခြားသားလူနာများ၏ သုံးပုံတစ်ပုံမှာ မြန်မာနိုင်ငံသားများဖြစ်လာပြီး၊ နိုင်ငံတကာကျောင်းများတွင်လည်း မြန်မာကျောင်းသားအရေအတွက် မြင့်တက်လာခြင်းကြောင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ကြီးမားစွာ အထောက်အကူပြုနေပါတယ်။ သို့သော် လုပ်ငန်းလိုင်စင်ကန့်သတ်ချက်များကြောင့် ပညာတတ်ပညာရှင်များမှာ ကျွမ်းကျင်မှုနှင့်မကိုက်ညီသော အလုပ်များကို လုပ်ကိုင်နေရသည့် “Brain Waste” ပြဿနာနှင့် တရားဝင်ဗီဇာအခက်အခဲကြောင့် ငွေကြေးအချို့မှာ အဂတိလမ်းကြောင်းသို့ စီးဝင်နေရခြင်းများကိုလည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

ထိုင်းစီးပွားရေးပညာရှင်များက မြန်မာလူလတ်တန်းစားများကို စီးပွားရေးအရှိန်ထိန်းညှိပေးသူများ (Economic Stabilizers) အဖြစ် သတ်မှတ်ထားပြီး၊ အနာဂတ်တွင် ကြုံတွေ့လာရမည့် ထိုင်းနိုင်ငံ၏ အလုပ်သမားရှားပါးမှုပြဿနာအတွက် အရေးပါသော အင်အားစုအဖြစ် ရှုမြင်ကြပါတယ်။ ထိုင်းအစိုးရအနေဖြင့် ဗီဇာမူဝါဒများကို ပြုပြင်ပြောင်းလဲပြီး မြန်မာပညာတတ်များ၏ အရည်အချင်းကို စနစ်တကျ အသုံးချနိုင်မည်ဆိုပါက ချင်းမိုင်မြို့သည် ဒေသတွင်း ဝန်ဆောင်မှုနှင့် ပညာရေးဗဟိုချက်အဖြစ် ပိုမိုခိုင်မာလာမှာ ဖြစ်ပါတယ်။ လက်ရှိတွင် ချင်းမိုင်မြို့သည် မြန်မာပြည်သားများအတွက် ဘေးကင်းရာခိုလှုံရာဖြစ်ရုံသာမက မြန်မာနိုင်ငံမှ စီးဝင်လာသော အရင်းအနှီးများကြောင့် မြို့၏စီးပွားရေးပုံရိပ်ကို အသစ်တစ်ဖန် ပုံဖော်ပေးနေသည့် အချက်အချာနေရာတစ်ခု ဖြစ်နေပါတယ်။

Source; Thai PBS