အစိုးရ Thang Rath App ၌ မကျူးလွန်ခဲ့သည့် ပြစ်မှုမှတ်တမ်း ပေါ်နေ၍ ထိုင်းအမျိုးသမီး ရဲထံ စိစစ်ခိုင်း

ထိုင်းနိုင်ငံ၊ ဆီဆာခက် (Sisaket) ခရိုင်ရှိ အလှအပဆိုင်ရာ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးသည် အစိုးရ၏ “Thang Rath” Application တွင် မိမိ မကျူးလွန်ခဲ့သည့် မကင်းရှင်းသော ပြစ်မှုမှတ်တမ်း ရှိနေသည်ကို တွေ့ရှိခဲ့ရသဖြင့် တိကျစွာ ရှင်းလင်းစိစစ်ပေးရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုလိုက်ပါတယ်။

အသက် ၄၅ နှစ်အရွယ် မနက်ခလာတာ (Natkhalata) ဆိုသူ အမျိုးသမီးသည် မိတ်ဆွေတစ်ဦး၏ အကြံပြုချက်အရ Thang Rath App ၌ မိမိ၏ အချက်အလက်များကို စစ်ဆေးရာ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်တွင် သတ်မှတ်ချိန်ပြင်ပ အရက်ရောင်းချမှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း မှတ်တမ်း ပေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။

၎င်းနောက် ဥသုမ်ဖွန်ဖိဆိုင်း (Uthumphon Phisai) ရဲစခန်းသို့ သွားရောက်စိစစ်ရာ ရဲတပ်ဖွဲ့၏ စနစ်အတွင်း၌လည်း အဆိုပါ အမှုမှတ်တမ်း ရှိနေပြီး၊ ၎င်း၏ အမည်မပြောင်းမီ အမည်ဟောင်းဖြင့် မှတ်တမ်းဝင်နေသည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့က အဆိုပါ အမှုအတွက် ဒဏ်ငွေပေးဆောင်ပြီး အမှုပိတ်ထားပြီဟု ဆိုသော်လည်း အမှုတွဲစာရွက်စာတမ်းများ၌ မနက်ခလာတာ၏ လက်မှတ်တစ်စုံတစ်ရာ ပါဝင်ခြင်းမရှိပေ။ ထို့ပြင် အခင်းဖြစ်ပွားချိန် မတ် ၁၁ ရက် ညနေ ၅ နာရီကျော်၌ ၎င်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ ကုန်တိုက်အတွင်း ရောက်ရှိနေသည့် ဓာတ်ပုံ သက်သေများလည်း ရှိနေသည်။

အမျိုးသမီးက မည်သည့် ရဲအရာရှိကိုမျှ အပြစ်မဆိုလိုဘဲ မိမိ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ မှန်ကန်စေရန်သာ လိုလားကြောင်း ပြောဆိုထားသည်။ လက်ရှိအချိန်အထိ ရဲစခန်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများဘက်မှ သီးသန့် အကြောင်းပြန်ရှင်းလင်းခြင်း မရှိသေးပေ။

Thang Rath ဆိုသည်မှာ Digital Government Development Agency က ထုတ်လုပ်ထားသည့် ထိုင်းအစိုးရ၏ ဝန်ဆောင်မှု ပေါင်းစပ်အသုံးပြုနိုင်သော Super App တစ်ခုဖြစ်သည်။

Source;Thaiger