ဒီကနေ့ (မတ်လ ၃၁ ရက်၊ ၂၀၂၆) မနက်ပိုင်းမှာ Microsoft ရဲ့ ဥက္ကဋ္ဌ Brad Smith နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) တို့ အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Microsoft အနေနဲ့ ထိုင်းနိုင်ငံရဲ့ Cloud စနစ်နဲ့ AI အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးဖို့အတွက် နောက်ထပ် ၂ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “AI-First Nation” (AI ကို ဦးစားပေးတဲ့နိုင်ငံ) နဲ့ ဒေသတွင်း AI ခေါင်းဆောင်ဖြစ်လာစေဖို့ Microsoft က အပြည့်အဝ ထောက်ခံအားပေးသွားမှာပါ။

ထိုင်းနိုင်ငံရဲ့ ဗဟိုကျတဲ့ တည်နေရာကြောင့် Microsoft အနေနဲ့ ထိုင်းကို ဒေသတွင်း Data Center အခြေစိုက်စခန်းအဖြစ် အသုံးပြုဖို့ အစိုးရက တိုက်တွန်းထားပြီး လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။ Microsoft ဟာ နည်းပညာတင်မကဘဲ ထိုင်းနိုင်ငံသားတွေရဲ့ AI ကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် ဆရာ၊ ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကို နည်းပညာသင်တန်းတွေ ပေးသွားဖို့ သဘောတူညီခဲ့ပါတယ်။
အစိုးရဝန်ဆောင်မှုတွေမှာ AI အသုံးပြုပြီး ပိုမိုထိရောက်မြန်ဆန်လာစေဖို့နဲ့ ပုဂ္ဂလိကကဏ္ဍမှာလည်း ဒစ်ဂျစ်တယ်ကူးပြောင်းမှုတွေ ပိုမိုအားကောင်းလာစေဖို့ နှစ်ဖက်စလုံးက အလေးထား ဆွေးနွေးခဲ့ကြပါတယ်။
Source;The Nation
