ပတ္တရားတွင် လိုင်စင်မဲ့ Host Club မီးလောင်- အရေးပေါ်ထွက်ပေါက်မရှိသဖြင့် အသက် ၂၈ နှစ်အရွယ် ဝန်ထမ်းတစ်ဦး အဝင်ဝမှာတင် ပိတ်မိသေဆုံး

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ လိုင်စင်မဲ့ဖွင့်လှစ်ထားသော Host Club ညဥ့်ကလပ်တစ်ခုတွင် ဇူလိုင်လ ၁ ရက် (ယနေ့) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အရေးပေါ်ထွက်ပေါက် မရှိခြင်းကြောင့် အသက် ၂၈ နှစ်အရွယ် ဝန်ထမ်းအမျိုးသားတစ်ဦး ပိတ်မိကာ သေဆုံးခဲ့ရပါတယ်။

ဇူလိုင်လ ၁ ရက်၊ နံနက် ၀၀:၀၆ နာရီဝန်းကျင်တွင် တစ်ထပ်တည်းရှိသော အဆိုပါကလပ်အတွင်းပိုင်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်တွင် အဆောက်အအုံတစ်ခုလုံး မီးခိုးလုံးကြီးများ ပိတ်မိနေခဲ့သည်။ မီးသတ်ကား ၃ စီးအပြင် လမ်းဖြတ်မောင်းလာသည့် ရေတင်ကားတစ်စီးကပါ ဝိုင်းဝန်းကူညီငြှိမ်းသတ်ခဲ့သဖြင့် မိနစ် ၃၀ အတွင်း မီးကို ထိန်းချုပ်နိုင်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ် Thanaphon Banchan ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို အဆောက်အအုံ အဝင်ဝအနီးတွင် တွေ့ရှိခဲ့ရသည်။ ၎င်းသည် အပြင်သို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း အချိန်မီ မထွက်နိုင်ဘဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

လွတ်မြောက်လာသည့် ဝန်ထမ်းများ၏ ပြောပြချက်အရ မီးမလောင်မီ သေဆုံးသူအပါအဝင် ဝန်ထမ်း ၄-၅ ဦးခန့် အထဲတွင်ရှိနေစဉ် အမိုးပေါ်မှ မီးခိုးများထွက်လာပြီးနောက် မီးတောက်များ ရုတ်တရက် ကူးစက်ပြန့်နှံ့သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ပတ္တရားရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ အဆိုပါညဥ့်ကလပ်သည် မည်သည့်လုပ်ငန်းလိုင်စင်မျှမရှိဘဲ တရားမဝင် ဖွင့်လှစ်ထားခြင်း ဖြစ်သည့်အပြင် အဆောက်အအုံတွင် အရေးပေါ်မီးဘေးထွက်ပေါက် (Fire Exit) လုံးဝတပ်ဆင်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ ရဲတပ်ဖွဲ့က မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေသည်။

Source;Thaiger