ဒီဖြစ်စဉ်ဟာ ဂျွမ်းတီးယန်း (Jomtien) ကမ်းခြေအနီးရှိ ဟိုတယ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကာယကံရှင်ကတော့ ဒီကနေ့ (မတ်လ ၃၀ ရက်) မနက်အစောပိုင်း ၂ နာရီခန့်မှာ ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တာပါ။
အသက် ၃၀ အရွယ် ဖင်လန်အမျိုးသားဟာ ဘား (Bar) တစ်ခုမှာ ထိုင်းအမျိုးသမီးနှစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး သူတည်းခိုရာ ဟိုတယ်အခန်းထဲကို အရက်အတူသောက်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အခန်းထဲရောက်ပြီး အရက်သောက်နေစဉ်မှာ သူဟာ ပုံမှန်ထက် ထူးထူးခြားခြား ပိုပြီးအိပ်ငိုက်လာကာ အိပ်ပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။ (ဒါဟာ ဆေးခတ်ခံရတာမျိုး ဖြစ်နိုင်ခြေ ရှိပါတယ်ဗျ။)

သူပြန်နိုးလာတဲ့အချိန်မှာ အမျိုးသမီးနှစ်ဦးစလုံး မရှိတော့သလို၊ ဘတ် ၇ သိန်း (မြန်မာကျပ်ငွေ သိန်း ၈၀၀ ကျော်ခန့်) တန်ဖိုးရှိ Rolex နာရီ တစ်လုံးနဲ့ ငွေသား ဘတ် ၅,၀၀၀ လည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးနှစ်ဦးကပဲ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ သူက ယူဆထားပါတယ်။
ပတ္တရားရဲတပ်ဖွဲ့ကတော့ တရားခံတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဟိုတယ်အတွင်းရှိ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းတွေကို စတင်စစ်ဆေးနေပြီ ဖြစ်ပါတယ်။
Source;Bangkok Post
