ဘန်ကောက်မြို့တော်ဝန် Chadchart ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မြောက်ပိုင်းဒေသက PM2.5 ဖုန်မှုန့်တွေဟာ လေကြောင်းအပြောင်းအလဲကြောင့် ဘန်ကောက်မြို့ထဲကို လက်ရှိအချိန်ထိ သက်ရောက်မှုမရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မြို့တော်ဝန်က PM2.5 ဖုန်မှုန့်အခြေအနေဟာ လေတိုက်နှုန်းအပေါ် အဓိကမူတည်နေပြီး၊ လက်ရှိမှာ တောင်ဘက် (ယိုးဒယားပင်လယ်ကွေ့) ကနေ လေတိုက်ခတ်နေလို့ မြောက်ပိုင်းက ဖုန်မှုန့်တွေ ဝင်ရောက်ခြင်းမရှိသေးတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လေကြောင်းက အချိန်မရွေး ပြောင်းလဲနိုင်တာကြောင့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့မှာ လေထုအရည်အသွေး တိုင်းတာစစ်ဆေးနိုင်ဖို့ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ အဆင့်မြင့်လေထုစောင့်ကြည့်ရေးစခန်း (Super Station) တစ်ခုကို ကသတ်စတ်တက္ကသိုလ်မှာ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ဒီစခန်းကနေတစ်ဆင့် ဖုန်မှုန့်ထွက်ရှိရာ အရင်းအမြစ်တွေကို အချိန်နဲ့တပြေးညီ ခွဲခြားစိတ်ဖြာပြီး ပိုမိုထိရောက်အောင် စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း အိတ်ဇောမီးခိုးမည်း စစ်ဆေးမှုတွေကို ၄ ဆ တိုးမြှင့်တာနဲ့ လယ်ယာမြေတွေမှာ မီးရှို့မှုလျှော့ချဖို့ ပူးပေါင်းဆောင်ရွက်တာတွေကြောင့် လေထုညစ်ညမ်းမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့ပါတယ်။
မြို့တော်ဝန်က လေထုညစ်ညမ်းမှုပြဿနာဟာ စီးပွားရေးနဲ့လည်း ဆက်စပ်နေတာကြောင့် Clean Air Act ဥပဒေ ကနေတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်ရှိ ဖုန်မှုန့်ဒဏ် အပြင်းအထန်ခံစားနေရတဲ့ မြောက်ပိုင်းဒေသက ပြည်သူတွေအတွက်လည်း စာနာထောက်ထားကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။
Source; Thairath
