ချင်းမိုင် တွင် တောမီးများ ဆိုးရွားစွာ လောင်ကျွမ်းနေပြီး Ban Huay Kub Kab ရွာလေး ထိခိုက်မှုရှိနေ

ချင်းမိုင်က နာမည်ကြီး Ban Huay Kub Kab ရွာလေးအခြေအနေကတော့ တော်တော်လေး စိတ်မကောင်းစရာ ဖြစ်နေပြီနော်။ အရင်ကဆို မနက်ခင်း မြူနှင်းတွေကြားထဲ တောင်တန်းအလှကြည့်လို့ သိပ်ကောင်းတဲ့နေရာလေးက အခုတော့ တောမီးတွေကြောင့် “မီးပင်လယ်” ကြီးလို ဖြစ်နေရပါတယ်။

အဲ့ဒီက Ban Suan Mae Nham Mee Homestay က တင်ထားတဲ့ ပုံတွေကိုကြည့်ရင် ရင်ထဲတောင် မကောင်းဘူးဗျာ။ အရင်က သာယာလှပတဲ့ ရှုခင်းတွေနေရာမှာ အခုတော့ မီးခိုးငွေ့တွေနဲ့ မီးတောက်တွေပဲ မြင်နေရတော့တာ။ ဒေသခံ မီးသတ်အဖွဲ့တွေလည်း မနားတမ်း ငြိမ်းသတ်နေကြပေမဲ့ ညဘက် လေတိုက်တာနဲ့ ငြိမ်းပြီးသားနေရာတွေက မီးပြန်တောက်လာတာမျိုးတွေ ခဏခဏ ကြုံနေရတယ်လို့ ဆိုပါတယ်။

Photo – Thairath

အခုဆို တစ်နိုင်ငံလုံးမှာ မီးလောင်တဲ့နေရာ (Hotspots) ပေါင်း ၄,၂၉၁ ခုတောင် ရှိနေပြီး အဲ့ဒီထဲက ထက်ဝက်ကျော်က သစ်တောနယ်မြေတွေထဲမှာ ဖြစ်နေတာပါ။ ချင်းမိုင်က တောမီးတွေ မြန်မြန်ငြိမ်းပါစေလို့ပဲ အားလုံးက ဆုတောင်းပေးနေကြပါတယ်။

Source; Thairath