ထိုင်းနိုင်ငံ၊ မုဒါဟန်တွင် ဘတ် ၄၀ သန်းကျော်တန်ဖိုးရှိ အမှတ်တံဆိပ်တု ပစ္စည်းများ ဖမ်းဆီးရမိ

အစိုးရရဲ့ “Quick Big Win” မူဝါဒအရ တရားမဝင်ကုန်စည်တွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းရာမှာ အခုလို ကာလပေါက်ဈေး ဘတ် ၄၀ သန်း (အမေရိကန်ဒေါ်လာ ၁.၂ သန်းခန့်) တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ကာလာစင်း (Kalasin) ခရိုင်၊ ကူချီနာရိုင် (Kuchinarai) နယ်မြေအတွင်းမှာ ကုန်သေတ္တာအလုံပိတ်ထားတဲ့ ခြောက်ဘီးကား နှစ်စီးကို တားဆီးစစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အိတ်များ၊ အဝတ်အထည်များ၊ ဦးထုပ်များနှင့် ရေမွှေးများ အပါအဝင် စုစုပေါင်း အစင်းရေ ၆၀,၀၀၀ ကျော် ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါပစ္စည်းတွေဟာ ပြည်ပကနေ တရားမဝင် တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ဆိုင်ရာ အထောက်အထား တစ်စုံတစ်ရာ မရှိပါဘူး။

Photo – Khaosod

မုဒါဟန်ဟာ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ဆီကို ကုန်သွယ်မှုပြုလုပ်ရာမှာ အဓိကကျတဲ့ ဂိတ်တစ်ခုဖြစ်တာကြောင့် အခုလို အမှတ်တံဆိပ်တု ပစ္စည်းတွေ မကြာခဏ ဝင်ရောက်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေနဲ့ ယာဉ်တွေကို သက်သေအဖြစ် သိမ်းဆည်းထားပြီး၊ ဖမ်းဆီးရမိသူတွေကို ၂၀၁၇ အကောက်ခွန်အက်ဥပဒေနဲ့ ၁၉၉၁ ကုန်အမှတ်တံဆိပ် အက်ဥပဒေတို့အရ အရေးယူနိုင်ဖို့ မုဒါဟန် အကောက်ခွန်ရုံးဆီ ပို့ဆောင်ထားပါတယ်။

ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ အက္ကနီသီ (Dr. Aekniti Nitithanprapas) ရဲ့ ညွှန်ကြားချက်အရ အကောက်ခွန်ဌာနဟာ တရားမဝင်ကုန်စည် စီးဆင်းမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရှိန်အဟုန်မြှင့် နှိမ်နင်းနေတာ ဖြစ်ပါတယ်။

Source; Khaosod English