ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ (Kanchanaburi) ခရိုင်၊ ဆန်းခလာဘူရီ (Sangkhla Buri) မြို့နယ်ရှိ အလှမ်းဝေးသော ကျေးရွာတစ်ရွာတွင် အသက် ၉၀ ကျော်အရွယ် အိပ်ရာထဲလဲနေသော အဘွားအိုတစ်ဦး၏ ATM ကတ် သုံးမရတော့သဖြင့် ဘဏ်သို့ လူကိုယ်တိုင် သွားရောက်စိစစ်ရန် ရွာသားများနှင့် စေတနာ့ဝန်ထမ်းများက မိုးသည်းထန်စွာ မိုးရွာသွန်းနေသည့်ကြားမှ ၉ ကီလိုမီတာခန့် ထမ်းစင်ထမ်း၍ ပို့ဆောင်ပေးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့က ထုံယိုင်နရဲဆူယမ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းတည်ရှိသော ဘန်းကောင်မွန်ထာ (Ban Kong Mong Tha) ရွာအနီးမှ အသက် ၉၀ ကျော် အဘွားအိုသည် ဆွေမျိုးများ လစဉ် ပို့ပေးနေသော စားစရိတ်နှင့် ဆေးဝါးဖိုး ငွေထုတ်ယူရန် ATM ကတ် ပျက်စီးသွားသဖြင့် Krungthai Bank ဘဏ်ခွဲသို့ သွားရောက်ရန် လိုအပ်ခဲ့သည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ရွာလူကြီးများ၊ တောမီးကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး စေတနာ့ဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်း၍ အဘွားအား ထမ်းစင်ဖြင့် ခြေလျင် ၉ ကီလိုမီတာ နီးပါး ထမ်းဆောင်ခဲ့ရသည်။
ကားလမ်းမ ရောက်ရှိသည့်အခါမှ မော်တော်ယာဉ်ဖြင့် ဆန်းခလာဘူရီ မြို့ပေါ်ရှိ Krungthai Bank သို့ ပို့ဆောင်ကာ လိုအပ်သည့် Identity Verification (လူကိုယ်တိုင် အထောက်အထား စိစစ်မှု) ကို ပြုလုပ်နိုင်ခဲ့သည်။
အဆိုပါ ဒေသသည် မိုးရာသီတွင် ဆိုင်ကယ်ပင် သွားလာ၍ မရနိုင်လောက်အောင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသဖြစ်ပြီး၊ သက်ကြီးရွယ်အိုများနှင့် ဆေးရုံတက်ရန် လိုအပ်သူများကိုလည်း ယခုကဲ့သို့ပင် ထမ်းစင်ထမ်း၍ ထုတ်ယူကြရလေ့ရှိသည်။
အဆိုပါ သတင်း ပျံ့နှံ့လာပြီးနောက် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ရွာသားများအား ချီးကျူးခဲ့ကြသလို၊ တစ်ဖက်တွင်လည်း အစိုးရဌာနများနှင့် ဘဏ်များအနေဖြင့် အလှမ်းဝေးသော ဒေသများမှ အိပ်ရာထဲလဲနေသည့် သက်ကြီးရွယ်အိုများအတွက် ရွေ့လျားဝန်ဆောင်မှု (Mobile Services) များ ဆောင်ရွက်ပေးရန် ဝေဖန်တောင်းဆိုမှုများ ရှိနေပါသည်။
Source;Thaiger
