ယမန်နေ့ သောကြာနေ့က Excise Department နဲ့ ရေတပ်တပ်ရင်း (၁) တို့ ပူးပေါင်းပြီး သင်္ဘောတစ်စီးကို မသင်္ကာလို့ စစ်ဆေးရာကနေ အထောက်အထားမဲ့ စက်သုံးဆီတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စတ္တာဟစ်ပ်ကမ်းလွန်မှာရှိတဲ့ သင်္ဘောတစ်စီးရဲ့ ကုန်လှောင်ခန်းအတွင်းမှာ တရားမဝင် ဒီဇယ်ဆီ ၈၅,၀၀၀ လီတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဆိုပါ စက်သုံးဆီတွေနဲ့ ပတ်သက်ပြီး ဘယ်ကလာတယ်ဆိုတဲ့ အထောက်အထား (Origin Document) တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပါဘူး။ ဓာတ်ခွဲခန်း ပို့ဆောင်စစ်ဆေးချက်အရလည်း ၂၀၁၇ ယစ်မျိုးခွန်ဥပဒေအရ သတ်မှတ်ထားတဲ့ ဒီဇယ်ဆီတွေဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို ဥပဒေအရ အရေးယူထားပြီး ဒဏ်ငွေအဖြစ် စုစုပေါင်း ဘတ် ၃.၈၅ သန်း (မြန်မာကျပ်ငွေ သိန်း ၄,၀၀၀ ကျော်ခန့်) ချမှတ်ခဲ့ပါတယ်။ဒီဖမ်းဆီးမှုဟာ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) ရဲ့ စွမ်းအင်ဆိုင်ရာ တရားမဝင်လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့နဲ့ နိုင်ငံတော်ရဲ့ စွမ်းအင်တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ချမှတ်ထားတဲ့ မူဝါဒအရ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရရဲ့ အခွန်ဘဏ္ဍာငွေ ဆုံးရှုံးမှုကို ကာကွယ်ဖို့နဲ့ စီးပွားရေးစနစ်အပေါ် ယုံကြည်မှုရှိစေဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး တရားမဝင် စက်သုံးဆီရောင်းဝယ်မှုတွေကို ဆက်လက်နှိမ်နင်းသွားမယ်လို့ ယစ်မျိုးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။
Source;Bangkok Post
