ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချဖို့နဲ့ စွမ်းအင်ချွေတာဖို့ ရည်ရွယ်ပြီး ဘန်ကောက်မြို့အတွင်းရှိ လူနေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရရုံးတွေကို တစ်နာရီကြာ မီးပိတ်ထားကြဖို့ BMA က တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီကနေ့ စနေနေ့ည (မတ်လ ၂၈ ရက်)၊ မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီ (ထိုင်းစံတော်ချိန် ည ၈:၃၀ မှ ၉:၃၀) အထိ တစ်နာရီကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အလှဆင်မီးများ၊ အဆောက်အအုံအပြင်ဘက်မီးများ၊ ကြော်ငြာဆိုင်းဘုတ်မီးများနှင့် အိမ်တွင်းရှိ မလိုအပ်တဲ့ မီးချောင်းတွေကို ပိတ်ထားပေးဖို့ တိုက်တွန်းထားပါတယ်။ အသုံးမပြုတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားခြင်းနဲ့ အဲယားကွန်းအသုံးပြုမှုကို လျှော့ချခြင်းဖြင့်လည်း ပါဝင်နိုင်ပါတယ်။
ယခုနှစ်မှာ ဘန်ကောက်ရဲ့ နာမည်ကြီးနေရာ ၃ ခုဖြစ်တဲ့ ဝပ်အရုဏ် (Wat Arun)၊ ဧရာမဒန်းကြီး (Giant Swing) နဲ့ ရွှေတောင်ဘုရား (Golden Mount) တို့မှာ သင်္ကေတအဖြစ် မီးပိတ်ခြင်းကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ဟာ ၂၀၀၈ ခုနှစ်ကတည်းက ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၈ နှစ်အတွင်း လျှပ်စစ်ဓာတ်အား ၂၂,၆၁၇ မဂ္ဂါဝပ် ချွေတာနိုင်ခဲ့သလို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း တန်ချိန် ၁၂,၀၀၀ ကျော် လျှော့ချနိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် Earth Hour မှာ ဘန်ကောက်တစ်မြို့လုံးက လျှပ်စစ်ဓာတ်အား ၁၃၄ မဂ္ဂါဝပ် ချွေတာနိုင်ခဲ့ပါတယ်။ ဒါဟာ ဘန်ကောက်-ချင်းမိုင် လေယာဉ်ခရီးစဉ် ၄၈၅ ကြိမ်စာ ဒါမှမဟုတ် အိမ်ခြေ ၂ သိန်းခွဲကျော်ရဲ့ မီးပိတ်ထားမှုနဲ့ ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။
Source;The Nation
