ထိုင်းနိုင်ငံ၊ ချွန်ပူရီပြည်နယ်၊ ဆတ္တာဟီးပ်မြို့နယ် (Sattahip)၊ ကော့ခရမ်ကျွန်း (Koh Khram) အနီး ပင်လယ်ပြင်တွင် လှိုင်းလေကြမ်းတမ်းမှုကြောင့် အမြန်စက်လှေ (Speedboat) တစ်စီး မှောက်၍ ရေထဲမြုပ်သွားခဲ့ရာ လှေပေါ်ပါလာသည့် နိုင်ငံခြားသား အမျိုးသား ၂ ဦးနှင့် ထိုင်းအမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦးစလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက် (သောကြာနေ့) ညနေ ၅:၃၀ နာရီခန့်တွင် ကမ်းခြေမှ ၁၂ ရေမိုင်ခန့်အကွာ၌ ပင်လယ်ပြင် လှိုင်းလေ ရုတ်တရက် ထန်လာခဲ့သဖြင့် အမြန်စက်လှေမှာ လှိုင်းရိုက်ခတ်မှုကြောင့် ရေဝင်ကာ မြုပ်သွားခဲ့ခြင်းဖြစ်သည်။
ပတ္တယား ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ (Pattaya Marine Rescue Unit 501) နှင့် ဆဝါးမ်ဘိုရီဘွန် ဖောင်ဒေးရှင်းတို့မှ ကယ်ဆယ်ရေးသမားများ အမြန်ဆုံး သွားရောက်၍ ရေထဲမှ လူ ၄ ဦးစလုံးကို ကယ်ထုတ်နိုင်ခဲ့သည်။ အားလုံးတွင် ပြင်းထန်ဒဏ်ရာ ရရှိခြင်း မရှိပေ။
ကယ်ဆယ်ရေးအဖွဲ့များက ပျက်စီးသွားသည့် စက်လှေကို ဘန်စာရေး (Bang Saray) ကမ်းခြေသို့ ဆွဲယူခဲ့သည်။ သို့သော် ပင်လယ်ပြင် လှိုင်းအမြင့်အဆင့် ၃ မှ ၄ အထိ ရှိနေသေးသဖြင့် ကယ်ဆယ်ရေးလှေမှာ ကမ်းသို့ မပြန်နိုင်သေးဘဲ အနီးအနားရှိ ကျွန်းတစ်ကျွန်း၏ အကွယ်တွင် ခေတ္တ ခိုလှုံစောင့်ဆိုင်းခဲ့ရသည်။
Source;Khaosod
