ဘန်ကောက်တွင် Pride Parade ကို မေလ ၃၁ ရက်၌ ကျင်းပမည်

ထိုင်းနိုင်ငံကို ၂၀၃၀ ပြည့်နှစ် World Pride 2030 အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့အတွက် အရေးပါတဲ့ “Bangkok Pride Festival 2026” ကို လာမယ့် မေလ ၂၈ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ ခမ်းနားစွာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

အဓိကအစီအစဉ်ဖြစ်တဲ့ Pride Parade လူထုစီတန်းလှည့်လည်ပွဲကိုတော့ မေလ ၃၁ ရက် မှာ ပြုလုပ်မှာဖြစ်ပြီး၊ ဒီနှစ်မှာတော့ “Patch the World with Pride” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်လက်ခံနိုင်မှု သတင်းစကားတွေကို ပါရမီဖြည့် ဖော်ဆောင်သွားမှာပါ။ အဆိုပါ စီတန်းလှည့်လည်ပွဲဟာ Klong Chong Nonsi Park ကနေ စတင်ပြီး LGBTQ+ အသိုင်းအဝိုင်းရဲ့ အသည်းနှလုံးဖြစ်တဲ့ Silom လမ်းမကြီးကို ဖြတ်သန်းကာ၊ ၂၀၀၂ ခုနှစ်က ပထမဆုံး Pride ပွဲစတင်ခဲ့တဲ့ အမျိုးသားအားကစားကွင်းအထိ ၄.၈ ကီလိုမီတာ အကွာအဝေးကို ချီတက်သွားမှာ ဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေရဲ့ ခန့်မှန်းချက်အရ ဒီနှစ်မှာ တစ်ကမ္ဘာလုံးက ပါဝင်ဆင်နွှဲသူ ၅ သိန်းခန့်အထိ ရှိလာမှာဖြစ်လို့ ဒါဟာ ထိုင်းနိုင်ငံရဲ့ အဆင်သင့်ဖြစ်မှုကို ပြသဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဘန်ကောက်မြို့ဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ဘာစီလိုနာ၊ လန်ဒန်မြို့တို့နဲ့ ယှဉ်ပြိုင်နေရတာပါ။ ဒါ့အပြင် အိမ်ရှင်နိုင်ငံအဖြစ် အမှန်တကယ် ထိုက်တန်စေဖို့အတွက် ကျား၊ မ ရေးရာ အသိအမှတ်ပြုမှုဆိုင်ရာ ဥပဒေတွေနဲ့ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဥပဒေတွေကိုပါ ပြဌာန်းနိုင်ဖို့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။

Source; Bangkok Post