ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း ပြည်နယ်၊ Dok Khamtai မြို့နယ်တွင် ဇူလိုင်လ ၁၀ ရက် (ယနေ့) မွန်းလွဲပိုင်းက၂.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ဒေသခံအချို့ တုန်ခါမှုကို ခံစားခဲ့ရသော်လည်း လောလောဆယ်တွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်၊ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် မြေပြင်အောက်အနက် ၁ ကီလိုမီတာသာရှိသော စဝမ်အာရွန် ရပ်ကွက် ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
သယံဇာတနှင့် တွင်းထွက်ပစ္စည်းဦးစီးဌာန၏ ဘူမိဗေဒအန္တရာယ်ဆိုင်ရာ စစ်ဆင်ရေးစင်တာ၏ ထုတ်ပြန်ချက်အရ ယခုငလျင်သည် မြောက်-တောင်တန်းစီ တည်ရှိနေသော “ဖယောင်း ပြတ်ရွေ့ကြော” လှုပ်ရှားမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒုတ်ခမ်တိုင်နှင့် စဝမ်အာရွန်ရပ်ကွက်များအတွင်းရှိ ဒေသခံအများအပြားမှာ ခဏတာ ငလျင်လှုပ်ခတ်သွားသည်ကို သိသာစွာ သိရှိခဲ့ကြသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဖယောင်းပြည်နယ်အုပ်ချုပ်ရေးမှူး Ms. Orapa Lohwiraက သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးရုံး (DDPM) အား ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ချက်ချင်းကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။
ကနဦး စစ်ဆေးမှုများအရ ပြည်သူလူထု နေအိမ်များ၊ အစိုးရအဆောက်အအုံများ၊ လမ်းတံတားများနှင့် အများပြည်သူသုံး အခြေခံအဆောက်အအုံများ တစ်စုံတစ်ရာ အက်ကွဲပျက်စီးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိသူ လုံးဝမရှိကြောင်း အတည်ပြုထားသည်။
Source;Khaosod
