ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရဲ့ လူဦးရေဖွဲ့စည်းပုံမှာ သိသာတဲ့ ပြောင်းလဲမှုတွေ ရှိနေတာကို တွေ့ရပါတယ်။
စုစုပေါင်း လူဦးရေ ၆၅.၈ သန်းရှိတဲ့အထဲမှာ ထိုင်းနိုင်ငံသား ၆၄.၈ သန်းကျော်နဲ့ နိုင်ငံခြားသား နေထိုင်သူ ၉ သိန်း ၈ သောင်းကျော် ရှိပါတယ်။ဘန်ကောက်မြို့ဟာ လူဦးရေအထူထပ်ဆုံးအဖြစ် ဆက်လက်ရပ်တည်နေပြီး ဒုတိယနေရာမှာရှိတဲ့ နခွန်ရတ်ချာစီမာ (ကိုရတ်) ထက် လူဦးရေ နှစ်ဆနီးပါး ပိုများပါတယ်။ လူဦးရေအများဆုံး ခရိုင် ၁၀ ခုထဲမှာ အရှေ့မြောက်ပိုင်း (အီးစန်) ဒေသက ခရိုင်တွေ အများဆုံး ပါဝင်နေပါတယ်။
လူဦးရေရဲ့ ၂၀% (၁၅ သန်းခန့်) ဟာ အသက် ၆၀ နဲ့အထက်တွေ ဖြစ်နေပါပြီ။ အဲဒီထဲက ၃၇% ကျော် (၅.၂ သန်း) ဟာ စုဆောင်းငွေ မရှိတာနဲ့ မိသားစုထောက်ပံ့မှု မရတာကြောင့် အသက်ကြီးတဲ့အထိ ဆက်လက်အလုပ်လုပ်နေကြရပါတယ်။အလုပ်လုပ်နေတဲ့ လူကြီးပိုင်းတွေရဲ့ ထက်ဝက်နီးပါးဟာ တစ်နေ့ကို ဘတ် ၈၀ ကနေ ၁၆၀ ဝန်းကျင် (ကျပ် ၈,၀၀၀ – ၁၅,၀၀၀ ခန့်) သာ ရရှိကြပြီး၊ ၂၀% ခန့်ကတော့ တစ်နေ့ကို ဘတ် ၈၀ အောက်သာ ရရှိနေကြပါတယ်။
အလုပ်သမားဝန်ကြီးဌာနက လူကြီးပိုင်းတွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်နေရာ ၂,၀၀၀ နီးပါး (အရောင်းဝန်ထမ်း၊ သန့်ရှင်းရေး၊ လုံခြုံရေး စသည်) ကို စီစဉ်ပေးထားပြီး “Thai Mee Ngan Tham” (ထိုင်းမှာ အလုပ်ရှိတယ်) ဆိုတဲ့ Platform ကနေတစ်ဆင့် အလုပ်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
Source;Bangkok Post
