ထိုင်းနိုင်ငံ၊ ဆူရတ်သာနီသို့ ပို့ဆောင်သည့် စက်သုံးဆီ လီတာ ၅၇ သန်း ပျောက်ဆုံးမှု DSI စတင်စစ်ဆေး

အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေကြောင့် စက်သုံးဆီတွေကို အလွဲသုံးစားလုပ်တာနဲ့ သိုလှောင်ဈေးကစားတာတွေကို စစ်ဆေးရာကနေ အခုလို ဧရာမဆီခိုးမှုကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဆီသိုလှောင်ရုံကနေ လီတာ ၂၁၇ သန်း ထွက်ခွာခဲ့ပေမဲ့ ဆူရတ်သာနီရှိ သိုလှောင်ကန် ၆ ခုဆီကို လီတာ ၁၆၀ သန်းသာ ရောက်ရှိခဲ့တာကြောင့် လီတာ ၅၇ သန်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

အဆိုပါ စက်သုံးဆီတွေကို ဆီတင်ကားကြီးပေါင်း ၉၆ စီးနဲ့ သယ်ဆောင်ခဲ့တာဖြစ်ပြီး ဘယ်နေရာမှာ ဆီတွေ လျော့နည်းသွားသလဲဆိုတာကို စစ်ဆေးနေပါတယ်။ ဒီအမှုဟာ နိုင်ငံတော်အတွက် ဆုံးရှုံးမှုကြီးမားတာကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က အထူးအမှုအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးဗဟိုဌာန (War Room) တစ်ခုကို ချက်ချင်းဖွဲ့စည်းလိုက်ပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူအားလုံးကို ဆင့်ခေါ်စစ်ဆေးသွားမှာဖြစ်သလို၊ ပျောက်ဆုံးနေတဲ့ ဆီတွေကို ဘယ်သူတွေက ခိုးယူရောင်းချခဲ့သလဲဆိုတဲ့ နောက်ကြောင်းရာဇဝင်ကိုလည်း လိုက်လံဖော်ထုတ်နေပါတယ်။

အရှေ့အလယ်ပိုင်း တင်းမာမှုတွေကြောင့် ဆီဈေးတက်နေချိန်မှာ အခုလို တရားမဝင် ဆီရောင်းဝယ်ဖောက်ကားမှုတွေ ရှိလာနိုင်တာကြောင့် အစိုးရက စက်သုံးဆီသိုလှောင်မှုတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေစဉ်မှာ ခုလို မိခဲ့တာဖြစ်ပါတယ်။

Source; Khaosod English